Popular Posts
-
••••••••••••••••••••••••••• ပြခဲ့သော အကြောင်းများတွင် တစ်ပါးပါးကြောင့် လူတစ်ယောက် စုတေဖို့ရာ အချိန်နီးကပ်လာလျှင် မစုတေမီ နာရီဝက်လောက်...
-
အချစ်မှာရှုံးနိမ့်ခြင်းဟာ ချိုမြိန်ခြင်းတစ်ခုပဲတဲံ့ အဲဒီသီအိုရီကို လက်ကိုင်ထားပြီး ငါဟာလည်း အလွမ်းတွေနှင့် မိတ်ဆွေဖြစ်တာကြာပြီပေါ့ ကြာတော့လ...
-
လက်ဖ၀ါးပေါ်က - ကျွန်း (၁၅)နေရာ-သြဇာမရှိဘူး။ (၁၆)နေရာ- အသက်ကြီးမှ အလုပ်အကိုင်မရှိ၊ဒုက္ခတွေ့တတ်။ (၁၇)နေရာ-ကျောင်းကြို ကျောင်းကြား...
-
"ဓမ္မစကြာ အခါတော်နေ့ သိကောင်းစရာ" ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပ ရခြင်းမှာထိုနေ့၌ ဓမ္မစကြာ တရားတေ...
-
-
အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည် …….. အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက်...
-
ယနေ့လူငယ် နောင်လူကြီး ဟူသောစကားသည် လူတိုင်းပြောနေကျစကားဖြစ်သည်။ ပြောဆိုနေကျဖြစ်သော်လည်း လေးလေးနက်နက်တွေးမိသူကား အလွန်နည်းပေသည်။ လ...
-
-
အလုပ်များနေလို့ မနက်ပိုင်းက ဖဘပေါ် မရောက်ဖြစ်ခဲ့ပါ။ အခု ဝင်ကြည့်တဲ့ အခါ ဓာတ်ပုံမှာမြင်ရတဲ့ အတိုင်း ဗုဒ္ဓဘုရားပုံကို ဟိုလိုလု...
-
အားလုံးမင်္ဂလာပါနော်။ ယနေ့ (၅.၄.၂၀၁၂) ဟာဆိုရင် ဗုဒ္ဓနေ့ (ဝါ) ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ်။ ကဆုန်လပြည့်အခါသမယဖြစ်သည်နဲ့ အားလျော်စွာ မင်္ဂလာရှိသောေ...
4:28 PM
Posted by
saw chit thi ha

ထီဆေ့မေ့ယွား (ခေါ်) ထီးဆဲ့မဲ့ယွား (ထီ့ဆောဝ်မေ၀်ယွာ)
လူမျိုးတိုင်းသည်
မိမိတို့၏သမိုင်းကို သားစဉ်မြေးဆက်လက်ဆင့်ကမ်း သယ်ပိုးခဲ့ကြ၏။ သို့ဖြစ်၍
သမိုင်းဟူသည် ဖျောက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပေ။ ပုဂံရာဇ၀င်ကို
ထုတ်တမ်းပြောရတယ်ဟု အဆိုရှိလျှင် ပုဂံရာဇ၀င်ထက် ရှေးကျသည့်
ကျွန်ုပ်တို့ကရင်တိုင်းရင်းသားတို့၏ ရှေးဦးသမိုင်းကို
ပြန်ပြောင်းပြောရာတွင် သုတေသီတို့ အငြင်းပွားဖွယ်ရာရှိပါက အံ့သြစရာမဟုတ်ပေ။
ကျွန်ုပ်တို့
ကရင်တိုင်းရင်းသားတို့သည် ရှေးကပင် လူကြီးမိဘများ၏ ဆုံးမစကားကို
တရိုတသေမှတ်သား လိုက်နာတတ်ပြီး နောင်လာနောက်သားများအား
ပြန်လည်သွန်သင်ဆုံးမခြင်းဖြင့် သမိုင်းအထောက်အထားများတို့ကို
ခိုင်ခိုင်လုံလုံ ထိန်းသိမ်းလာနိုင်ခဲ့ပါသည်။ ယင်းသမိုင်း
အထောက်အထားများအနက် ထီ့ဆေ့မေ့ယွား (ခေါ်) ထီးဆဲ့မဲ့ယွား ဒေသသည်
ကရင်လးမျိုးတို့ တစ်ချိန်က အခြေချနေထိုင်ခဲ့ရာဒေသ ဖြစ်ကြောင်းကို အများကပင်
ကြားဖူးပြီးဖြစ်သော်လည်း ယင်း ''ထီဆေ့မေ့ယွား'' ဒေသသည်
မည်သည့်တိုင်းပြည်ဒေသတွင် ရှိသည်ကို မှန်းဆ၍ မရနိုင်သူများလှပေသည်။
ထီဆေ့မေ့ယွား
ဟူသည် ရေစီးတွင် မျောပါနေသော မြစ်ချောင်းဒေသဟု အဓိပ္ပါယ်ပြန်ရပေမည်။
ယင်းဒေသကို မနူဿပထ၀ီဗေဒနှင့် သမိုင်းပညာရပ်များအစရှိသည့် သိပ္ပံနည်းကျ
လေ့လာရှာဖွေပါက တရုတ်ပြည်တောင်ပိုင်း တစ်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း
၃၅၀၀ လောက်က တည်ရှိခဲ့သော အိုအေစစ် ယဉ်ကျေးမှု ပုံသဏ္ဍာန်ဖြစ်ပြီး
မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုး၊ မွေးမြူရေး အသင့်အတင့်လိုက်၍
အခြေချနေထိုင်ပြီး နေအိမ်များတွင် မိသားစု၊အိမ်ထောင်စုများ
စုပေါင်းပါဝင်ကြသည်။ ထိုဒေသတွင် ကရင်ရှေးဦးလူတို့သည် ရာစုနှစ်တစ်ဝက်ကျော်
နေထိုင်ခဲ့ဟန်ရှိပြီး နောက်ပိုင်းတွင် မြစ်ချောင်းများ တိမ်ကောမှုနှင့်
မိုးရာသီရေလျှံခြင်းများကြောင့် စိုက်ပျိုးခင်းများ၊ လူနေအိမ်များ
ပျက်စီးလာတတ်ပြီး တိုးတက်များပြားလာသော လူဦးရေအတွက် ထောက်ပံ့နိုင်မည့်
အခြေအနေမရှိတော့သဖြင့် နေရာအသစ်ရှာဖွေရန် တောင်ဘက်အရပ်များသို့ အုပ်စုခွဲ၍
ရွှေ့ပြောင်းလာကြရာ ယနေ့ အရှေတောင်အာရှ ဒေသအနှံ ပြန့်ကျဲနေထိုင်ကြသော
ကရင်လူမျိုးစုများကို တွေ့ရခြင်းဖြစ်သည်။


မို့ထိတ်၊ ဖထိတ် (ခေါ်) မိုထိ၊ ဖါထိ (မေ၀်ၟထါ်၊ ဖါၟထါ်)
ကရင်ရှေးဦးလူမျိုးတို့သည်
အရှေ့တောင်အာရှ ဒေသအနှံ့အစုစု ပျံ့နှံ့နေထိုင်ကြသော်လည်း
ထီဆေ့မေ့ယွားဒေသမှ ထွက်လာစဉ်က အားလုံးတစ်ချိန်တည်း ထွက်လာကြသည်မဟုတ်ဘဲ
အနည်းအုပ်စုကြီး နှစ်စုံတွဲ၍ထွက်လာကြသည်မှာ ထင်ရှားပါသည်။
ယင်းအုပ်စုနှစ်စုအနက် ရှေးဦးစွာ ထွက်လာကြသူများမှာ ဖခင်များ သို့မဟုတ်
အကြားအမြင် ဗဟုသုတရှိပြီး အသက်ကြီးသော ယောက်ျားများ ဦးဆောင်ပြုသောအုပ်စုက
ကောင်းမွန်သော ဒေသအသစ်တွေ့ရှိပါက ကျန်ခဲ့သောမိသားစုများကို ပြန်ခေါ်ရန်
ရည်ရွယ်ချက်ဖြင့် ထွက်လာကြပြီး ယင်းအုပ်စုတွင် လိုက်ပါသွားသူများအား
နောင်ကာလတွင် ဖထိတ် သို့မဟုတ် ဖထိ ခေါ် ဖခင်အနွယ်ဝင် ကရင်မျိုးနွယ်စုများဟု
ခေါ်တွင်လာ၏။ ကျန်ခဲ့သော မိသားစုများတွင် အတွေ့အကြုံပြည့်စုံသော မိခင်များ
သို့မဟုတ် အမျိုးသမီးကြီးများမှာ စီမံကွပ်ကဲ၍ ထိုဒေသမှထွက်ခွာသွားသော
မိသားစုများသည် တစ်နေ့တွင် ပြန်လာခေါ်မည်ဟု မျှော်လင့်ချက်ဖြင့်
ထီဆေ့မေ့ယွားဒေသတွင် နေထိုင်လာခဲ့ရာ နှစ်ပေါင်းကြာမြင့်လာသောအခါ
သဘာဝဘေးရန်များနှင့် နောက်ထပ်ရွှေ့ပြောင်းလာကြသော
အခြားလူမျိုးစုများရန်ကြောင့် ရှေးကထွက်ခွာသွားသော အုပ်စုနောက်သို့
ရှာဖွေရင်း ပြောင်းရွှေ့လိုက်လာကြခြင်းဖြင့် ထီဆေ့မေ့ယွားမှ မို့ထိတ်
သို့မဟုတ် မိုထိ ခေါ် မိခင်အနွယ်ဝင် လူမျိုးများဖြစ်လာပြီး
အပြီးအပိုင်ထွက်ခွာသွားကြသည်ဟု သမိုင်းပညာရှင် အများစုက
လက်ခံယုံကြည်ထားကြပါသည်။
ဖထိတ် ခေါ်
စကောကရင်အုပ်စုသည် မဲခေါင်မြစ်ကြောင်း၊ သံလွင်မြစ်ကြောင်းများကို
အဓိကအသုံးပြု၍ တောင်ဘက်သို့ ရွှေ့ပြောင်းလာရာ ယနေ့တိုင် ယိုးဒယားပြည်၊
မြန်မာပြည်၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တောင်ပိုင်း မလေးရှားမြောက်ပိုင်း
ဒေသများသို့တိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြသည်ကို
တွေ့နိုင်ပါသည်။
မိုထိတ် ခေါ်
ပိုးကရင်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းတို့ကို အထူးသဖြင့်
အသုံးပြု၍ဆင်းလာကြရာ မြန်မာပြည် မြစ်ဝကျွန်းပေါ်ဒေသနှင့်
ကရင်ပြည်နယ်ဒေသများတွင်သော်လည်းကောင်း၊ ယိုးဒယားပြည်အနောက်ဘက်ခြမ်း
ဒေသများတွင်သော်လည်းကောင်း ပျံ့နှံနေထိုင်သည်ကို တွေ့ရပေမည်။
ကရင်သက္ကရာဇ်ရေတွက်ခြင်း
ဒုတိယအသုတ်ဖြစ်သော
မို့ထိတ် ခေါ် ပိုးကရင်အနွယ်ဝင်တို့သည် ခမ (၇၃၉) နှစ်လောက်တွင်
ဤပြည်ထောင်စုဒေသထဲသို့ စတင်ဝင်ရောက်လာပြီး ထိုကာလမှစ၍
ကျွန်ုပ်တို့ကရင်အမျိုးသားသက္ကရာဇ်ကို သုတေသီတို့ရေတွက်၍ ယခုနှစ်အထိဆိုပါမှု
၂၇၄၉ ခုနှစ်သို့ပင် ရောက်ခဲ့ပါသည်။
သို့ဖြစ်လျှင်
ယနေ့ကျွန်ုပ်တို့ပြည်ထောင်စုအတွင်း ပြန်လည်ဆုံစည်းကြသော ဖခင်အနွယ်ဝင်
(စကောကရင်) အုပ်စုနှင့် မိခင်အနွယ်ဝင် (ပိုးကရင်) အုပ်စုတို့မှာ တစ်ချိန်က
ထီဆေ့မေ့ယွားတွင် တစ်ရွာတည်းသို့မဟုတ် တစ်အိမ်ထောင်စုတည်း နေထိုင်ခဲ့သော
မိဘများမှ တစ်မျိုးတည်း တစ်ခုတည်းသော သွေးရင်းသားရင်
ညီအစ်ကိုများဖြစ်ကြောင်းကို ကရင်လူကြီးများက ဆုံးမပြောကြားခဲ့သော
ပုံပြင်များ၊ ဆုံးမစကားများ၊ စကားပုံများအရ မှန်ကန်နေကြောင်း
ငြင်းဆိုစရာမရှိသည့်အပြင် ယင်းသမိုင်းစဉ်ကို ပိုမိုခိုင်လုံစေမည့်
သမိုင်းအထောက်အထားများက ယနေ့အရှေ့တောင်အာရှဒေသရှိ လူမျိုးစုများ၏
သမိုင်းကိုလေ့လာခြင်းအားဖြင့် ယင်းတို့အနက် ကျွန်ုပ်တို့ကရင်လူမျိုးစုများ၏
အတိတ်သမိုင်းကြောင်းကိုလည်း မှန်ကန်စွာ လေ့လာသိရှိနိုင်ပါသည်။
ကရင်လူမျိုးများဟုခေါ်တွင်ခြင်း
ကရင်လူမျိုးစုများကို
ပညာရှင်များက ထိုင်းတရုတ်အနွယ်ဝင်များဟု မှတ်တမ်းတင်ကြသည်။ ပညာရှင်တို့၏
တင်ပြချက်အရ လူတို့၏ဦးခေါင်းခွံအနေအထားနှင့် နှာခေါင်းအနေအထားအရလည်းကောင်း
စကားဝေါဟာရ ဘာသာဗေဒအရလည်းကောင်း သတ်မှတ်ခေါ်တွင်ခြင်းဖြစ်သော်လည်း
ကရင်လူမျိုးနွယ်စုမှာ ထိုင်း၊ တရုတ်အုပ်စုများကဲ့သို့ပင်
မွန်ဂိုအနွယ်ဝင်များ ဖြစ်ကြသည်။
အရှေ့တောင်အာရှဒေသရှိ
လူမျိုးအတော်များများက ယန် ဟုခေါ်ကြပြီး မြန်မာလူမျိုးများက
ကရင်ဟုခေါ်ကြသည်။ ကရင်ဟူသောအခေါ်ကို မည်သည့်အချိန်ကစတင်၍ ခေါ်ကြသည်ဟု
အတိအကျတင်ပြရန် ခက်ခဲသော်လည်း ယင်းအခေါ်သည် အင်းဝခေတ်မတိုင်မီ
စတင်ခေါ်တွင်ခဲ့ဟန်ရှိပါသည်။ မြန်မာလူမျိုးတို့၏ အယူအဆအရ ကရင်လူမျိုးများကို
ရှမ်းလူမျိုးများ (၃၀) တွင် ထည့်သွင်း၍ သမိုင်းတွင်မှတ်တမ်းတင်ခဲ့ရာ
(ကွေ့ရှမ်း) လူမျိုးများသည်လည်းကောင်း၊ (ဂျွမ်း) လူမျိုးများသည်လည်းကောင်း
ကရင်လူမျိုးများကို ဒေသအလျောက် ခေါ်တွင်ကြခြင်းဖြစ်သည်ဟု
သမိုင်းပညာရှင်အချို့က ယူဆကြပါသည်။ အချို့ပညာရှင်များက
တစ်ချိန်ကဧရာဝတီမြစ်ကမ်းတွင် နေထိုင်ခဲ့ဖူးသော ကမ်းယံလူမျိုးများမှ
ကရင်လူမျိုးများ ဖြစ်လာသည်ဟူ၍လည်းကောင်း၊ ပျူလူမျိုးများအား
ယနေ့ပိုးကရင်ဖြစ်လာသည် ဟူ၍လည်းကောင်း ယူဆကြပါသည်။
ယနေ့ရခိုင်ပြည်ဒေသအချို့တွင်
(ကမ်းယံ) လူမျိုးအနည်းငယ်ကို တွေ့နိုင်ရာ ယင်းတို့မှာ
ကရင်လူမျိုးများနှင့် မတူကြောင်းကို ၄င်းပျူလူမျိုးများကို
သမိုင်းပညာရှင်အချို့က ပျောက်ကွယ်သွားပြီဟု ယူဆကြသော်လည်း အမှန်မှာ
ယနေ့တိုင်အောင် ပျူလူမျိုးတို့၏အဆက်အနွယ်ကို
ပဲခူးတိုင်းအနောက်ဖက်ခြမ်းနှင့် ပြည်မြို့တစ်ဖက်တွင်
အနှံ့အပြားတွေ့ရှိနိုင်ပါသည်။ သို့ရာတွင် ထိုသူတို့အားလုံးမှာ
မိမိတို့ကိုယ်ကို မြန်မာလူမျိုးများဟု ယုံကြည်ကြပြီး
မြန်မာလူမျိုးများအသွင်သို့ လုံးဝပြောင်းလဲသွားခြင်းသာဖြစ်သည်။ သို့ရာတွင်
မြန်မာစစ်စစ်များနှင့် အရောင်အသွေးမတူခြင်း စကားပြောရာတွင် အသံဝဲပုံ
တစ်မျိုးတစ်ဖုံ ထူးခြားခြင်းတို့ကြောင့် ပျူလူမျိုးများကို
ပိုးကရင်ဖြစ်လာသည် ဆိုသောယူဆချက်မှာ မမှန်နိုင်ကြောင်း သိရပါသည်။
သို့ရာတွင် ရှေးပျူယဉ်ကျေးမှု ထွန်းကားချိန်တွင် ပျူလူမျိုးနှင့်
ပိုးကရင်အနွယ်ဝင်များမှာ ရောနှောခဲ့ကြသည့် လက္ခဏာအထောက်အထားကား
ထည့်သွင်းစဉ်းစားရပေမည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ကရင်လူမျိုးတို့၏
ရိုးရာဓလေ့အချို့တို့သည် ထိုခေတ် ပျူယဉ်ကျေးမှုအချို့တို့နှင့် နီးစပ်သည်ကို
တွေ့ရှိနိုင်ခြင်း မာန်လည်သမိုင်းတွင် ပျူမင်း များဟူသော အရေးအသားနှင့်
ပတ်သက်၍ ပျူမှာ လူမျိုးများကို ဖေါ်ပြရာဖြစ်သကဲ့သို့ ပြုံး ဟူသောအရေးအသားကို
တွေ့နိုင်သည်။ ပြုံး ဟူသောအခေါ်မှာ မြန်မာစကားသံများအရ ယရစ်သံပျက်၍ (ပရုံး)
ဟူသော အသံထွက်ပြီး သံမှန်အနေအထားသို့ လေ့လာပါက ပရုံး-ဖလုံး-ဖလုံ
ဟူသောအသံများ၏ မူလဇာစ်မြစ်ဖြစ်နိုင်ပြီး ယင်းအခေါ်သည် ယနေ့ (ပိုးကရင်)
လူမျိုးစုတို့ မိမိကိုယ်ကိုခေါ်သော ဖလုံ ဟူသောအခေါ်နှင့် အသံထွက်တူညီနေသည်ကို
တွေ့ရသည်။ ထို့အပြင် နိုင်ငံခြားသားများ၏ မှတ်တမ်းဝင်အခေါ်အရ ပြည်မြို့ကို
(ပရုံး) ဟုခေါ်ခြင်းဖြစ်သည်။ ယင်းဒေသတွင် တစ်ချိန်က ယနေ့ ဖလုံ ဟုခေါ်သော
ပိုးကရင်လူမျိုးစုတို့ နေထိုင်ရာဒေသအဖြစ်ဖြင့် ထင်ရှားခဲ့ကြောင်းကို
ရှေးကရင်လူကြီးများ အဆိုနှင့်ယှဉ်၍ သိရှိနိုင်ပါသည်။
မြန်မာ့သမိုင်းတွင်ပါရှိသည့်
မွန်၊ မြန်မာ နှစ်ပေါင်း(၄၀)စစ်ပွဲကာလတွင် မြန်မာမင်းများ၏
အရှေ့ဘက်စစ်ကြောင်းဖြစ်သော စစ်တောင်းမြစ်ဝှမ်း တစ်လျှောက်တွင်
အများစုနေထိုင်သော စကောကရင်လူမျိုးစုများကို မြန်မာမင်းများ၏
စစ်တပ်များတွင် ပါဝင်စေခြင်းဖြင့်လည်းကောင်း မွန်မင်းများကြီးစိုးရာ
ဒေသဖြစ်သော မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းရှိပိုးကရင် လူမျိုးစုများကို
မွန်မင်းများ၏ စစ်တပ်များတွင် ပါဝင်အမှုထမ်းစေခြင်းဖြင့်လည်းကောင်း
ကရင်လူမျိုးစု(၂)စုအား မွန်-မြန်မာတို့က ခွဲခြားခေါ်ဝေါ်ခြင်းဖြင့်
စကောကရင်အုပ်စုကို မြန်မာကရင်များ၊ ပိုးကရင်အုပ်စုကို မွန်-ကရင် သို့မဟုတ်
တလိုင်းကရင်များဟူ၍လည်းကောင်း ယနေ့တိုင်အောင် တစ်ချို့ ခေါ်ဝေါ်နေကြသေးသည်။
သုတေသီအချို့က
တောင်ငူမင်းဆက်ကို ကရင်လူမျိုးတို့ စတင်တည်ထောင်ကြောင်း အဆိုရှိကြသည်။
ယင်းအဆိုမှာ များစွာလျှော်ကန်လှပေသည်။ အကြောင်းမှာ
မွန်-မြန်မာစစ်ပွဲကာလတွင် စကောကရင်လူမျိုးစုတို့သည် စစ်ရေးနှင့်
အုပ်ချုပ်ရေးအတွေ့အကြုံဖြင့် နယ်မြေဒေသ စုသည်းနေထိုင်မှုများကြောင့်
တောင်ငူမင်းဆက်ကို စတင်ထူထောင်နိုင်ရန် အင်အားအထူးကောင်းမွန်လျက်
ရှိမည်မှာမလွဲပေ။ မည်သို့ပင် ဆိုစေကာမှု သမိုင်းတွင် ကရင်လူမျိုးတို့
မှတ်တမ်းမ၀င်သည်မှာ ကရင်လူမျိုးတို့၏ အေးဆေးစွာ နေထိုင်လိုသော
စိတ်ဓါတ်နှင့် စည်းလုံးညီညွတ်မှု အားနည်းသော သဘာဝတို့ကြောင့်
အခြားလူမျိုးများတို့၏ လက်အောက်တွင် ကာလကြာမြင့်စွာနေထိုင်ကာ
မိမိတို့ယဉ်ကျေးမှုဓလေ့ ထုံးစံတစ်ချို့တို့မှာ နှမျောဖွယ်ရာ
ဆုံးရှုံးခဲ့ရခြင်းနှင့် တစ်ဒေသနှင့်တစ်ဒေသ ဆက်သွယ်ရန် ဝေးလံခက်ခဲသော
နေရာဒေသများတွင် ပျံ့နှံ့နေထိုင်မှုတို့မှာ အဓိကကျလှပေသည်။
စရှောင်ဖန်း (အင်းစိန်)
7:11 AM
Posted by
saw chit thi ha
12:45 AM
Posted by
saw chit thi ha

ဘိက္ခုဓမ္မပိယ (ယူအက်စ်အေ)
မတ်လ ၂၆၊ ၂၀၁၂
လွန်ခဲ့တဲ့နှစ်လခန့်က “ဒီမိုကရေစီနဲ့ ဗုဒ္ဓဝါဒီ’’ အမည်နဲ့
ဆောင်ပါးတစ်ပုဒ်ရေးဖြစ်ခဲ့တယ်။ ဒီမိုကရေစီကိုမျှော်လင့်နေကြတဲ့
မြန်မာပြည်သူ၊ ပြည်သားတွေကို ဒီမိုကရေစီဆိုတာ ဘာလဲ၊ ဒီမိုကရေစီအရေးဟာ
ဘယ်သူ့အရေးလဲ၊ ဒီမိုကရေစီကျင့်ထုံးက ပြည်သူတို့ဘဝအတွက် ဘယ်
လောက်ထိအရေးပါသလဲဆိုတာ ပြည်သူ၊ ပြည်သားတွေကိုသိစေချင်လို့
ဒီမိုကရေစီရှုဒေါင့်နဲ့ ဗုဒ္ဓဝါဒီရှုဒေါင့် အမြင်နှစ်မျိုးနဲ့ရေးလိုက်တာပါ။
အဲဒီဆောင်းပါးကို အီးမေးလ်မှတဆင့်ဖြန့်ဝေပြီးတဲ့နောက် တုန့်ပြန်စာတွေ၊
တုန့်ပြန်စကားတွေ အများအပြားလက်ခံရရှိခဲ့တယ်။ တချို့ကလဲ မြန်မာပြည်သူ၊
ပြည်သားအများစု “ဒီမိုကရေစီဆိုတာဘာလဲ’’ ဆိုတာသိခွင့်ရအောင်
အဲဒီဆောင်းပါးကို မြန်မာပြည်အတွင်းမှာ ကျယ်ကျယ်ပြန့် ပြန့်ဖြန့်ဝေပေးဖို့
တောင်းဆိုအကြံပြုစာတွေ အီးမေးလ်နဲ့ ပေးပို့လာကြတယ်။ တချို့ကလဲ
အဲဒီဆောင်းပါးကိုဖတ်ရတော့ ဗုဒ္ဓစာပေထဲမှာ ဒီမိုကရေစီကျင့်ထုံးတွေ
အများကြီးပါဝင်နေတာတွေ့ရလို့ ဝမ်းသာမိကြောင်း၊ ဖြစ်နိုင်ရင်
ဗုဒ္ဓစာပေမှာပါတဲ့ ဒီမိုကရေစီကျင့်ထုံးတွေကို ပိုမို၍
ကျယ်ကျယ်ပြန့်ပြန့်ရေးသားပေးစေလိုကြောင်း တောင်းဆိုလာကြပြန်တယ်။
တုန့်ပြန်စာများနဲ့ တုန့်ပြန်စကားများကို အလေးထားလျှက် ဒီဆောင်းပါးကို
ထပ်မံရေးသားခြင်းပါ။ ဒီဆောင်းပါးမျိုးဆိုတာ
နိုင်ငံရေးဘာသာရပ်ကိုကျွမ်းကျင်သူများရေးသင့်တဲ့ ဆောင်းပါးမျိုးဖြစ်လို့
ပြောလိုရင်းအဓိပ္ပါယ်များ မသဲမကွဲဖြစ်နေခဲ့ရင် ဒီမိုကရေစီရဲ့အနှစ်သာရများနဲ့
ကျင့်ထုံးများကို မြန်မာပြည်သူ၊ ပြည်သားများ ပိုမိုသိရှိခွင့်ရအာင်
ဖြည့်စွက်ဆောင်းပါးများကိုရေးပေးကြပါလို့ တိုက်တွန်းရခြင်းပါ။
ဒီဆောင်းပါးကို ၂ဝ၁၂-ခု၊ မတ်လ (၂၁) နေ့ညက ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့ထဲမှာရှိတဲ့ Royal Princess ဟိုတယ်၊ အခန်း (၆ဝ၇) မှာ တည်း
ခိုရတဲ့ညက ရေးခဲ့တာပါ။ ဘန်ကောက်မြို့ကိုရောက်လာရခြင်းရဲ့
အဓိကအကြောင်းရင်းကတော့ ဘန်ကောက်မြို့မှာရှိတဲ့The United Nations
Conference Center မှာ (၃) ရက်တိုင်တိုင် “Citizenship and the Future of
Thai Democracy” ခေါင်းစဉ်နဲ့ KPI (King Prajadhipok’s Institute) က
ကြီးမှူးကျင်းပပြုလုပ်တဲ့ကွန်ဂရက်ကို တက်ရောက်ရန် ရောက်နေခြင်းပါ။
ဘန်ကောက်မြို့ကို ရောက်တဲ့ညမှာပဲ (၉) နာရီခွဲလောက်အချိန်မှာ
ဟိုတယ်လ်ပြင်းတင်းပေါက်ကနေ အပြင်ဘက်ကို အမှတ်မထင်လှမ်းမျှော်ကြည့်ဖြစ်တယ်။
ဘန်ကောက်မြို့ရဲ့ ညရှုခင်းက စာရေးသူရဲ့စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။
ခဏလောက်အာရုံမှာလွင့်မျှောသွားတဲ့ အတွေးများရဲ့နောက်မှာ စိတ်ကူးတစ်ခု
ရုတ်ချည်းဝင်ရောက်ဖြစ်ပေါ်လာလို့ ဒီဆောင်းပါးကိုရေးဖြစ်တာပါ။
ဘန်ကောက်မြို့ရဲ့ညအလှဟာ မြင်ရသူတိုင်းရဲ့စိတ်အာရုံကို ညှိုယူဖမ်းစား
နိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့ရှုခင်းမျိုးပါ။ ညရှုခင်းရဲ့အလှဟာ
ပုံခိုင်းပြောရရင် နတ်ဘုံ၊ နတ်နန်းကြီးတွေလို အံမခန်းရှိလှတယ်။
မြို့ကြီးတမြို့လုံး လည်း မီးရောင်တွေထိန်ထိန်လင်းလို့။ ထိန်ထိန်လင်းနေတဲ့
မီးရောင်တွေ ထဲမှာ အဖြူတွေရော၊ အဝါတွေရော၊ အပြာတွေရော၊ အစိမ်းတွေရော
စုံလို့ပါ။ ဒါပေမဲ့ အဖြူရောင်က အာလုံးကို လွှမ်းခြုံထားသလိုပဲ။
လှပတဲ့ရောင်စုံမီးတွေရယ်၊ မနီးမဝေးမှာလှမ်းမြင်နေရတဲ့ Prince Palace နဲ့
Prince Suit တို့လို မြင့်မားလှတဲ့ ဟော်တယ်လ်အဆာက် အဦးကြီးတွေကလဲ
တဂုဏ်တခဲ။ ရွှေတောင်ကြီးတစ်ခုလို ကောင်းကင်ကို ဖောက်ထွင်းတော့မည့်အလား
တောင်ကုန်းအမြင့်တခုပေါ်မှာ ထီးထီးမားမားကြီးတည်ရှိနေတဲ့ Golden Mount
အမည်တော်ရတဲ့ဘုရားကို အဝေးကနေလှမ်း၍ဖူးမျှော်ရတော့ “ရွှေပြောင်ပြောင် တောင်
ပေါ်ကဘုရား မယ်နဲ့မောင် သစ္စာထား ...’’ ဆိုတဲ့ မြန်မာသီချင်းလေးကို
သတိရမိတယ်။ ဘန်ကောက်မြို့ရဲ့ ကျက်သရေဆောင် အဲဒီရွှေ တောင်ဦးဘုရားဟာ
မြဘုရားလို့ပဲ လာရောက်ဖူးမျှော်သူများ များပြားလှတယ်လို့လဲ သိခဲ့ရတယ်။
ဒါတွေအားလုံးအတွက် ဗုဒ္ဓဘာသာဝင် တွေဖြစ်တဲ့ ထိုင်းနိုင်ငံပြည်သူ၊
ပြည်သားတွေဟာ ဂုဏ်ယူလို့မဆုံး၊ ဝမ်းသာလို့မဆုံးနိုင်အောင်
ရှိနေမယ်ဆိုရင်လဲရှိလောက်စရာပါ။ ဘန် ကောက်မြို့ကို ခဏတာလေးရောက်လာတဲ့
စားရေးသူပင် ရင်သပ်ရှုမောစွာငေးမောရင်း သာယာလှပတဲ့ဘန်ကောက်မြို့တော်ကြီးရဲ့
ညရှု ခင်းအလှများကို မြန်မာပြည်သူ၊ ပြည်သားတွေကို မြင်စေချင်စမ်းလိုက်တာ။
ဒီနေ့မျက်မှောက်ခေတ်ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံတော်များဟာ
တည်ငြိမ်အေးချမ်းလှတာကြောင့် ဒီမိုကရေစီစံနစ်ကို
မကျင့်သုံးနိုင်ကြသေးတဲ့နိုင်ငံများမှာနေတဲ့ ပြည်သူ၊ ပြည်သားတွေဟာ
ဒီမိုကရေစီကို သိပ်လိုလားနေကြတာ။
ဒီမိုကရေစီကိုတောင်းဆိုနေကြတဲ့နိုင်ငံတွေမှာ မြန်
မာနိုင်ငံလဲပါဝင်နေတယ်ဆိုတာ အများသိပြီးသားပါ။ နိဗ္ဗာန်ထက်အေးချမ်းတဲ့နေရာ
ဘယ်မှာရှိမှာလဲလို့ တစုံတယောက်က ပြောကောင်း ပြောလာပေလိမ့်မယ်။
ပုထုဇဉ်နဲ့နိဗ္ဗာန် အလှမ်းကဝေးကွာလွန်းနေတာကြောင့် ပုထုဇဉ်တွေအတွက်
နိဗ္ဗာန်စကားကို ခဏထားပြီး၊ ငြိမ်းချမ်း ရေးရဲ့ အခြေခံအုဋ္ဌ်မြစ်လည်းဖြစ်၊
ဖေါင်းဒေးရှင်းလည်းဖြစ်တဲ့ ဒီမိုကရေစီစကားကို အစဦးထားပြီး ပြောနေခြင်းပါ။
ဗုဒ္ဓရဲ့တရားတော်တွေထဲမှာ ငြိမ်းချမ်းစွာနေနိုင်ရေးကို အလေးထားပြီး
ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေက အများကြီးပါ။ ဥပမာ -
အခြေခံကိုယ်ကျင့်သိက္ခာဖြစ်တဲ့ ငါးပါးသီလ၊ ရှစ်ပါးသီလစတဲ့ လူမှုကျင့်ဝတ်များ၊
ဗြဟ္မစိုရ်ကျင့်စဉ်များ၊ မင်းတို့ (အုပ်ချုပ်သူတို့) ကျင့်ထိုက်တဲ့
မင်းကျင့်တရား (၁ဝ) ပါး၊ စသည်တို့ဟာ ငြိမ်းချမ်းရေးရဲ့
အခြေခံအုဋ္ဌ်မြစ်အနေနဲ့ ဘုရားဟောခဲ့တာပါ။ ထိုမှတစ်ဆင့် သန္တိလက္ခဏာ
(မပျက်စီးနိုင်တဲ့ လောကုတ္တရာ ငြိမ်းချမ်းရေး)အသွင်ကိုဆောင်တဲ့
နိဗ္ဗာန်ကိုအရောက်လှမ်းဖို့ မြတ်ဗုဒ္ဓကတိုက်တွန်းတော်မူတာပါ။ ဒါပေမဲ့
ရဟန်းရှင်လူအများစုဟာ ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို မြတ်နိုးစွာနဲ့
လိုက်နာကျင့်သုံးမှုအပိုင်းမှာ အားပျော့နေသေးတော့
ငြိမ်းချမ်းစွာနေနိုင်ရေးဆိုတာ ဘာပါလိမ့်ဆိုတဲ့ အတွေးစိတ်တွေဝင်နေကြတာ။
တွေးစိတ်ရဲ့နောက်ကွယ်မှာ သံသယစိတ်တွေကများနေလေတော့
ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ စိတ်သာရှိပြီး
ကိုယ်တိုင်ပူးပေါင်းပါဝင်မှုအပိုင်းမှာ အားပျော့နေကြတာပါ။ ဘာပဲဖြစ်ဖြစ်
အကျင့်မပါပဲ မျှော်လင့်ရုံသက်သက်နဲ့တော့ ဘာမှဖြစ် လာနိုင်မှာမဟုတ်ပါ။
ဒီမိုကရေစီစည်းမျဉ်း၊ စည်းကမ်းများကို ကိုယ်တိုင်မလိုက်နာနိုင်ပဲနဲ့
ဒီမိုကရေစီိကိုတောင်းနေလဲ နားငြီးရုံကလွဲလို့ ဘာမှဖြစ်လာနိုင်မှာမဟုတ်ပါ။
အမြင့်ကိုတက်လှမ်းနိုင်ဖို့ အခြေခံမတည်ဆောက်ပဲနဲ့ ဇွတ်တက်ရင်
မောရုံပဲရှိတော့မှာပေါ့။ စဉ်းစားနိုင်ကြဖို့ပါ။
ဒီနေ့မျက်မှောက်ကာလ မြန်မာပြည်သူ၊ ပြည်သားတွေအကြားမှာ အပြောများလှတဲ့
“စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်’’ ဆိုတာ ဘာကိုပြောပါလိမ့်။
မေးကြည့်ရင် မဖြေနိုင်သူက များမှာပါ။ တကယ်တော့
စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ရောက်နိုင် ဖို့ဆိုတာ
မြန်မာပြည်သူ၊ ပြည်သားတွေအတွက် အဝေးကြီးမှာရှိနေသေးတာပါ။ ဒါကိုလဲ
သိထားမှဖြစ်မှာပါ။ ဘာကြောင့်လဲဆိုရင် ကိုယ်တိုင် က ဒီမိုကရေစီကို
တကယ်ရလိုတဲ့စိတ်ထား (Democracy Attitude) နဲ့
ဒီမိုကရေစီရဲ့ဘက်တော်သားမဖြစ်ကြနိုင်သေးရင်၊ ဒီမိုကရေစီ အစိုးရဆိုတာ
ပြည်သူကရွေးချယ်တင်မြောက်ထားတဲ့အစိုးရဖြစ်တယ်ဆိုတာ
ကိုယ်တိုင်ကသိမထားသေးဘူးဆိုရင်၊ ဒီမိုကရေစီအစိုးရမျိုးဆို တာ
အပြစ်မဲတဲ့ပြည်သူတွေကို အကြောင်းမဲ့နှိပ်စက်တဲ့အစိုးရမျိုးမဟုတ်ဘူးဆိုတာ
ကိုယ်တိုင်ကနားလည်မထားသေးဘူးဆိုရင်၊ ပြည်သူ တွေရဲ့ရပိုင်ခွင့်ကို
ပြည်သူအများစုက သိမထားကြသေးဘူးဆိုရင်၊ ပြည်သူတွေရဲ့ပညာရေးအဆင့်အတန်းတွေ
(နိုင်ငံသားတိုင်းရဲ့ပညာအဆင့် အတန်းဟာ အနည်းဆုံး အထက်တန်းပညာထိ
အခမဲ့သင်ယူခွင့်၊ မသင်မနေရ ပညာရေးအဆင့်မျိုးထိ ပြုလုပ်မပေးနိုင်သေးသမျှ)
နိမ့်ကျနေ ဦးမယ်ဆိုရင်၊ မြန်မာပြည်သူတို့မျှော်လင့်နေတဲ့
စည်းကမ်းပြည့်ဝသောဒီမိုကရေစီနို
င်ငံမျိုးဆိုတာ ဟိုအဝေးကြီးမှာပဲ ရှိနေဦးမှာပါ။ ဉာဏ်နဲ့ ယှဉ်ပြီး စဉ်းစားနိုင်ဖို့ပါ။
မြန်မာပြည်သူ၊ ပြည်သားတွေဟာ များသောအားဖြင့် ဒီမိုကရေစီကို
လွယ်လွယ်နဲ့ရချင်နေကြတာ။ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူတွေရဲ့ရပိုင်
ခွင့်တွေကို အခမဲ့ပေးတဲ့စနစ်မဟုတ်ပါ။ ဒီမိုကရေစီစနစ်ကို
ပြည်သူတွေကိုယ်တိုင်တည်ဆောက်ပြီး ပြည်သူတွေရဲ့ရပိုင်ခွင့်တွေကို ပြည်သူ
တွေကိုယ်တိုင် ယူရတဲ့စံနစ်မျိုးပါ။ အဖြောင့်ပြောတော့ ပြည်သူတွေ
စည်းကမ်းရှိကြဖို့ပါ။ ဒီမိုကရေစီစံနစ်နဲ့အညီ ရေးဆွဲထားတဲ့ စည်းမျဉ်း၊
စည်းကမ်းတွေကို လိုက်နာကြဖို့ပါ။ ဥပမာ – ကားလမ်းကို ဖြစ်ကူးရာ၌
သတ်မှတ်ထားတဲ့နေရာမှ ဖြတ်ကူးဖို့။ အမှိုက်သရိုက်များကို သတ်မှတ်
ထားတဲ့စွန့်ပစ်နေရာများသို့ ကိုယ်တိုင်သွားရောက်၍ စွန့်ပစ်ဖို့၊
(ပြည်သူများ ထိုသို့စွန့်ပစ်နိုင်ရန် မြူနီစပယ်မှ
အမှိုက်ပုံးများထားပေးဖို့၊ အမှိုက်ပစ်ကန်များကို ပြုလုပ်ထားပေးဖို့ပါ)၊
လူသူလေးပါး သွားလာနေတဲ့ လမ်းမများပေါ်၌ ကလေးများအား ဆော့ခြင်း၊
ကစားခြင်းမျိုးကို ဥပဒေနဲ့တားမြစ်ပေးဖို့၊ (ကလေးကစားကွင်းများကို
သက်ဆိုင်ရာမှ တည်ဆောက်ပေးဖို့ပါ) လမ်းမများပေါ်၌ အရက်သောက်ခြင်း၊ အရက်
မူးလျှက် ဆဲရေးတိုင်းထွာနေခြင်းမျိုးကိုမပြုလုပ်ဖို့ (သို့မဟုတ်)
မပြုလုပ်ရန် ဥပဒေဖြင့်တားမြစ်ပေးဖို့၊ ပြည်သူများ စိတ်အနှောက်အယှက်ဖြစ်
စေနိုင်တဲ့ အသံချဲ့စက်များကို ကျယ်လောင်စွာဖွင့်ခြင်း၊
လောက်ဒ်စပီကာများတပ်ဆင်၍ လူမှုရေးအခမ်းအနားများ၊ ဘာသာရေးအခမ်းအနား များ
(အများနားမချမ်းသာအောင်) မပြုလုပ်ကြဖို့၊ ကွမ်းတံတွေးများကို လမ်းမများပေါ်၌
လည်းကောင်း၊ ကားလမ်းမများပေါ်မှာလည်းကောင်း၊
လှေခါးတက်-စသည်နေရာမျိုး၌လည်းကောင်း ဗရမ်းဗတာမထွေးဖို့ (တွေ့ရှိပါက
ဒဏ်ငွေပေးဆောင်ရသောစံနစ်ကိုကျင့်သုံးပေးဖို့ပါ)၊ ဆေး လိပ်တို၊
ကွမ်းထုပ်သည့်ပလပ်စတစ်များ၊ ဇီးထုပ်၊ အချဉ်ထုပ်၊ နေကြာစေ့၊
ကွာစိစေ့-စသည်ကိုထုပ်သည့် ပလပ်စတစ်များကို စည်းမဲ့ကမ်းမဲ့ မပစ်ဖို့၊
ထိုသို့ပြုလုပ်သူများကို ဥပဒေအရ အရေးယူပေးဖို့၊ လာဘ်ပေး၊ လာဘ်ယူပြုသော
တိုင်းပြည်ဝန်ထမ်းများ၊ အကျင့်ပျက်၊ ချစားနေတဲ့ပြည့်သူ့ဝန်ထမ်းများကိုလဲ
မညှာမတာအရေးယူပေးဖို့နဲ့ လိုအပ်လာလျှင် ထိုသို့သောဝန်ထမ်းများကို
ဒဏ်ငွေများပေးဆောင်စေဖို့ စသည့် အရေးများကို အစိုးရနဲ့ပြည်သူ အတူပူပေါင်း၍
နိုင်ငံအတွက်၊ လူမျိုးအတွက် မပြုလုပ်နိုင်သေးဘူးဆိုရင် “ရွှေပြည်တော်
မျှော်လေတိုင်း ဝေး’’ဆိုတဲ့ ကိန်းဆိုက်နေမှာပါ။ ဒီမိုကရေစီနည်းအရ
ကိုယ်တိုင်ဆောင်ရွက်ရမဲ့ ကိစ္စတွေကို ကိုယ်တိုင်က
မဆောင်ရွက်နိုင်ကြသေးဘူးဆိုရင်၊ ကိုယ်တိုင်ယူရမဲ့တာဝန်တွေကို ကိုယ်တိုင်က
တာဝန်မယူနိုင်ကြသေးဘူးဆိုရင် ရွှေရေစိမ်လွတ်လပ်ရေးကြီးလိုပဲ
ရွှေရည်စိမ်ဒီမိုကရေစီနိုင်ငံကြီးသာ ဖြစ်နေဦးမှာပါ။ ဉာဏ်ကြီးသူများ
ဝေဖန်စဉ်းစားနိုင်ကြဖို့ပါ။
ထိုကဲ့သို့ ပြည်သူနဲ့ဝန်ထမ်းများအကြား မျှတစွာလုပ်မပေးနိုင်သေးဘူးဆိုရင်
“ဒီမိုကရေစီနိုင်ငံတော်ကြီး’’ ပါလို့ စကားနဲ့ ဘယ်လောက်ပြော ပြော၊
ကြီးမားတဲ့ဆိုင်ဘုတ်ကြီးတွေကို ဘယ်လောက်ထောင်ထားထောင်ထား
စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံဆိုတာ ဖြစ်လာနိုင်မည် မဟုတ်ပါ။
ဒီမိုကရေစီကို တကယ်လိုချင်သောပြည်သူ၊ ပြည်သားများအဖို့
ဒီမိုကရေစီစံနစ်ဆိုတာ ယူဖို့ထက် ပေးဆပ်နိုင်ဖို့ပါ။
ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သာဓကတစ်ခုကို တင်ပြပါရစေ။
မြန်မာနိုင်ငံနဲ့ရေမြေသဘာဝကအစ ယုံကြည်မှုဘာသာတရားထိ
တူညီလှတဲ့ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ပြောပြချင်တာပါ။
ထိုင်းနိုင်ငံမှာ နှစ်ပေါင်းရှစ်ဆယ်နီးပါး ဒီမိုရေစီစနစ်ကို
ကျင့်သုံးနေတာပါ။ ဒီမို ကရေစီစနစ်အောက်မှာ ပြည်သူတွေကို
လွပ်လပ်စွာနေထိုင်နိုင်ဖို့၊ အပြစ်မဲ့ပြည်သူ၊ ပြည်သားများအား အကြောင်းမဲ့
အချုပ်အနှောင်အဖွဲ့များမှ ကင်းဝေးစွာနေနိုင်ဖို့နဲ့ တိုင်းသူပြည်သူ၊
ပြည်သားများ ရပိုင်ခွင့်ရှိတဲ့ရပိုင်ခွင့်တွေကိုပေးပြီး ထိုက်ထိုက်တန်တန်
ဂုဏ်ပြုဖို့ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်များကိုထားပြီး
ဒီမိုကရေစီစံနစ်ကို နှစ်ပေါင်းများစွာကျင့်သုံးနေခဲ့ကြတာပါ။ ဒါပေမဲ့
ယနေ့အချိန်အထိ ထိုင်းပြည်သူ၊ ပြည်သားများ
စစ်မှန်သောဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့
အရောက်မချီတက်နိုင်သေးကြောင်းကို သိရှိနေရခြင်းပါ။ အကြောင်းက ပြည်သူ၊
ပြည်သားတွေ ဟာ ဒီမိုကရေစီစနစ်ကို အသိစိတ်ဓာတ်ဖြင့်
အပြည့်အဝမလိုက်နာနိုင်သေးခြင်း၊ ဒီမိုကရေစီစံနစ်ရဲ့ ဖေါင်းဒေးရှင်းဖြစ်တဲ့
အထက်တန်းပညာရပ် များကို ပြည်သူအများစု မရရှိသေးခြင်း၊ Civic Education
(ဒီမိုကရေစီစံနစ်နဲ့ ပြည်သူများလိုက်နာကျင့်သုံးရမဲ့ စည်းမျဉ်း၊ စည်း
ကမ်းများ ရဲ့သဘောတရားများကို သိနားလည်အောင်၊ ဒီမိုကရေစီအစိုးရအကြောင်းကို
ပြည်သူများကို သိရှိနားလည်အောင် သင်ကြားပေးရတဲ့ ပညာ ရေးမျိုး) လို့ခေါ်တဲ့
ပညာရေးမျိုးကို ကောင်းစွာနားမလည်ခြင်း-စသောအကြောင်းများဟာ
ထိုင်းနိုင်ငံကို စစ်မှန်သောဒီမိုကရေစီနိုင်ငံမဖြစ်နိုင်ခြင်းရဲ့
အခြေခံအကြောင်းရင်းတွေ ဖြစ်နေလို့ပါ။
ထို့ကြာင့် ထိုင်းနိုင်ငံမှာ နိုင်ငံတော်က ပြည်သူ၊ ပြည်သားများကို
ဒီမိုကရေစီစိတ်ဓာတ်များ ပြည့်ပြည့်ဝဝ ရှင်သန်မွေးဖွားလာ နိုင်စေဖို့ ပညာ
ပေးဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်နေရဆဲပါ။ စည်းကမ်းပြည်ဝတဲ့
ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ အရောက်လှမ်းနိုင်ဖို့ ဆွေးနွေးပွဲ များ၊
ဆီမီနာများ၊ ကွန်ဖရင့်စ်များကို အားသွန်းခွန်စိုက် ပြုလုပ်ပေးနေရဆဲပါ။
ဆွေးနွေးပွဲတစ်ခု၌ တင်ပြထားသည်မှာ “အကယ်၍သာ ပြည် သူ၊ ပြည်သားတွေဟာ
ပြည်သူ၊ ပြည်သားများရဲ့ ရပိုင်ခွင့်တွေ၊ ပြည်သူ၊
ပြည်သားများဆောင်ရွက်ရမဲ့တာဝန်တွေ၊ တာဝန်သိစိတ်တွေ၊ တာဝန်ယူမှုတွေသာမက
ဒီမိုကရေစီစံနစ်နဲ့ လိုက်လျောညီထွေတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပါ
တရားဥပဒေနဲ့အညီ ပူးပေါင်းဆောင်ရွက်မှု တွေကို
အားလုံးဝိုင်းဝန်းပြုကြရမယ်ဆိုတာကို သိထားကြမယ်ဆိုရင် ပြည်သူ၊
ပြည်သားတွေနဲ့ ထိုင်းနိုင်ငံတော်ဟာ
စစ်မှန်တဲ့ဒီမိုကရေစီရဲ့အကျိုးကျေးဇူးတွေကို မလွဲမသွေရကြမှာပါ’’တဲ့။ ၁
စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့
မရောက်နိုင်သေးတဲ့နိုင်ငံတွေမှာနေကြရတဲ့ ပြည်သူ၊ ပြည်သားတွေကို ပညာပေး၍
ပြောကြားသင့်သည်မှာ “ပြည်သူတွေမှာ (ဒီမိုကရေစီနှင့်စပ်လျဉ်းတဲ့)
အသိဉာဏ်တွေ ချို့တဲ့နေသေးရင်၊ (ဒီမိုကရေစီနှင့် စပ်လျဉ်းတဲ့) နား
လည်မှုတွေ မရနိုင်ကြသေးဘူးဆိုရင်၊ (ဒီမိုကရေစီစနစ်၌) ပြည်သူ၊ ပြည်သားတွေ
ပူးပေါင်းပါဝင်ဆောင်ရွက်ရမဲ့ တာဝန်နဲ့ဝတ္တရားများကို
အမှန်အကန်မသိမြင်နိုင်ကြသေးဘူးဆိုရင် ဒီမိုကရေစီစနစ်၌
ပြည်သူတို့ရရှိနိုင်တဲ့ လူ့အခွင့်အရေးများကို ဂဃနဏ သဲသဲကွဲကွဲ သိမထားကြ
သေးဘူးဆိုရင် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံမျိုးဆိုတာ ဘယ်သောခါမှ
ဖြစ်လာနိုင်မည်ဟုတ်ဘူးလို့ပဲဆိုရမှာပါ’’ တဲ့။၂
မှန်ပါတယ်။ စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးတစ်ခုကို
တည်ထောင်နိုင်ဖို့ဆိုတာ အုပ်ချုပ်သူ လူတန်းစားတွေမှာရော၊ ပြည်သူ၊
ပြည်သားတွေမှာပါ ဒီမိုကရေစီနဲ့စပ်တဲ့ အသိတရားတွေ၊ စည်းကမ်းပြည့်ဝတဲ့
ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ မရောက်၊ ရောက်အောင် ချီ တက်လိုတဲ့ဆန္ဒတွေက
တကယ်ကိုပြင်းပျမှ ရနိုင်မယ်ဆိုတာ ပြည်သူ၊ ပြည်သားတွေ သိထားနိုင်ဖို့ပါ။
ဒီမိုကရေစီကို ဘုရားဟောတရားမဟုတ်လို့ စိတ်မဝင်စားပါဘူးလို့
ဒီလိုတော့မပြောသင့်ဘူး။ ဘုရားရှင်လက်ထက်တော်ကာလက လိဇ္ဇဝီမင်း တွေ
ကျင့်သုံးခဲ့တဲ့ နိုင်ငံရေးစနစ်မှာ ဒီမိုကရေစီကျင့်ထုံးတွေပါဝင်နေလို့ပါ။
ဒီမိုကရေစီနိုင်ငံတော်ရယ်လို့ အမည်နာမကို တိတိကျကျ တပ် ပြမထားသော်လည်း
ဒီမိုကရေစီစနှုန်းနဲ့ ကျင့်သုံးနေထိုင်ခဲ့ကြတာပါ။ ပြည်သူက
ရွေးကောက်တင်မြောက်တဲ့စနစ်နဲ့ အုပ်ချုပ်သူအစိုးရကို
ရွေးချယ်တင်မြှောက်ခဲ့ကြတာပါ။ ပြည်သူကတင်မြောက်ထားတဲ့မင်း (အစိုးရ) က
တိုင်းပြည်ကို အလှည့်ကြအုပ်ချုပ်ရတဲ့ အုပ်ချုပ်ရေးစနစ်ကို
ကျင့်သုံးသွားခဲ့ကြတာပါ။ အလှည့်ကြ
ရွေးချယ်တင်မြောက်ထားတဲ့စနစ်မျိုးဖြစ်လို့ တိုင်းပြည်တွင်းမှာ
အာဏာလုပွဲတွေ၊ အာဏာအတွက် အုပ်စုဖွဲ့ခြင်းမျိုးတွေ ကင်းရှင်းပြီး၊
အေးချမ်းချမ်းနဲ့ နေထိုင်သွားခဲ့ကြတာပါ။ ပိုပြီးအံ့အားသင့်စရာကောင်းတာက
ရွေးကောက်ခံ လိဇ္ဇဝီမင်း များဟာ သက်တန်းကုန်ဆုံးလို့
အာဏာကိုစွန့်လွတ်ကြရတဲ့အခါမှာ ပြည်သူ၊ ပြည်သားများနဲ့အတူ၊
ပြည်သူ့ဘဝထဲမှာပဲနေလို့ ပြည်သူများ လုပ်ကိုင်တဲ့ လယ်ယာကိုင်ကျွန်းများကို
လုပ်ကိုင်ခြင်း၊ အရောင်းအဝယ်များကို ပြလုပ်ခြင်း၊ တိုင်းပြည်ရဲ့
ကျရာတာဝန်များကို ထမ်းဆောင်ခြင်း စတဲ့ တာဝန်တွေကိုဆောင်ရွက်ရင်း
ပြည်သူများနဲ့တသားတည်း ရှိနေခဲ့ကြတာပါ။ ခေါင်းဆောင်ဖြစ်သူများ အတုယူစရာပါ။
ဒါကြောင့် ဘုရား ရှင်ကိုယ်တော်တိုင် လိဇ္ဇဝီမင်းတို့ရဲ့ကျင့်ထုံးများကို
စံထားပြီးဟောကြားထားတဲ့ ရာဇအပရိဟာနိယဓမ္မ (မင်းတို့ရဲ့ မဆုတ်
ယုတ်ကြောင်းတရား)ဟာ လိဇ္ဇဝီမင်းတို့ရဲ့ဂုဏ်သိက္ခာကို ဂုဏ်တင်ပြီး
ဘုရားရှင်ကိုယ်တော်တိုင် အသိအမှတ်ပြုဟောကြားထားခဲ့တာပါ။ ၃
မြတ်စွာဘုရားရဲ့တရားတော်များဟာ ယခုခေတ် ဒီမိုကရေစီကျင့်ထုံးတွေနဲ့
အလွန်နီးစပ်နေတာကြောင့်၊ (အဖြောင့်ပြောရရင်) ယခုခေတ် ဒီမို
ကရေစီကျင့်ထုံးတွေဟာ မြတ်စွာဘုရားရဲ့တရားတော်တွေနဲ့
အလွန်နီးစပ်စွာတူနေတာကြောင့် အံ့အားများလည်း သင့်မိပါရဲ့။
မြတ်စွာဘုရားရဲ့ တရားတော်များကို စနစ်တကျလေ့လာကြည့်တဲ့အခါ
ဒီမိုကရေစီစနစ်ထဲမှာ ဘုရားရှင်ပြဌာန်းသတ်မှတ်တော်မူခဲ့တဲ့ ကျင့်ထုံးတွေနဲ့
အများ ကြီး ဆက်နွယ်နေတာကို တွေ့ကြရမှာပါ။ ဒီမိုကရေစီစနစ်ကို
စနစ်တကျပုံဖေါ်ခဲ့တဲ့ ဂရိ ဖီလိုဆိုဖာများရဲ့သက်တမ်းထက်
ရှေးရာစုနှစ်ပေါင်းများစွာစောပြီး ပွင့်တော်မူသွားတဲ့မြတ်စွာဘုရားရဲ့
ကျင့်ထုံးတွေကို ဂရိဖီလိုဆိုဖိုများက နည်းမှီပြီစနစ်တစ်ခုကို
ဖေါ်ထုတ်နိုင်ဖို့ ဝေါဟာတမျိုးနဲ့ “ဒီမိုကရေစီ’’ ရယ်လို့ ခေါ်ဝေါ်သုံးစွဲ
ထားခဲ့ကြရော့လေသလားလို့ တွေးမိလို့ပါ။ ဥပမာ - ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
သံဃာတော်များအား ဝိနည်းဆိုင်ရာကျင့်ထုံးများကို လိုက်နာကျင့်သုံးစေတဲ့အခါ
ပြောသူ၊ နာခံသူ နှစ်ဦးနှစ်ဖက်အကြားမှာ မည်သူကိုမျှ မနစ်နာစေရအောင်
တစုံတခုသောကိစ္စကိုဆောင်ရွက်ကြရာ၌ သံဃာအများကို သိမ်လို့ခေါ်တဲ့ သံဃာများ
ကံကြီး ကံငယ်ဆောင်ရာ ဟောခန်းမထဲမှာ စည်းဝေး စေပြီး
သံဃာများ၌ဖြစ်ပေါ်နေသောပြဿနာကို သံဃာအား ရှေးဦးစွာတင်ပြရပြီး
ဖြေရှင်းရတဲ့နည်းကို ကျင့်သုံးစေခြင်းပါ။ အများရဲ့ဆန္ဒကို ဦးစွာရယူပြီး၊
အတည်ပြုဆောင်ရွက်ရတဲ့ ဝိနည်းဆိုင်ရာဥပဒေတော်ကျင့်ထုံးပါ။ စိတ်ဝင်စားစရာပါ။
ဒီနေရမှာလဲ ဝိနည်းပါဠိတော်လာ သာဓကတစ်ခုကို ထုတ်ပြပြီးရှင်းဖို့ပါ။
“သုဏာတု မေ ဘန္တေ သံဃော၊ အယံ ဣတ္ထန္နာမော ဘိက္ခု သမဂ္ဂ ဿ သံဃဿ ဘေဒါယ
ပရက္ကမတိ...’’ အစချီထားတဲ့ ဝိနည်းကျင့်ထုံးမျိုးကို တွေ့ရမှာပါ။ ၎
ပါဠိတော်မြန်မာပြန်ကို အကျဉ်းချုံးပြီး အဓိပ္ပါယ်ပြန်ရမယ်ဆိုရင်
“အသျှင်ဘုရားတို့ သံဃာသည် တပည့်တော်၏ (စကားကို) နားထောင်တော် မူကြပါ။
(နှစ်ကြိမ်တိုင်တိုင် ...ပြောဆိုပါ၏၊ သုံးကြိမ်တိုင်...ပြောဆိုပါ၏)
ဤမည်သောရဟန်းသည် ညီညွတ်နေသောသံဃာကို ကွဲပြားအောင် လုံးလပြုနေပါ၏။
သံဃာတော်သည် ထိုရဟန်းကို ထိုအမှုမျိုး ဆက်လက်မပြုလုပ်နိုင်စေရန်
ဆိုဆုံးမရခြင်းဖြစ်ပါ၏။ ထိုရဟန်းအား ထိုသို့ ဆုံးမမှုပြုသည်ကို
သံဃာတော်များမှသဘောတူကြပါလျှင် ဆိတ်ဆိတ်နေတော်ကြပါ။ ထိုရဟန်းအား
ထိုသို့သံဃာတော်များမှ ဆိုဆုံးမသည် ကိုသဘောမတူကြလျှင် သဘောမတူသောသံဃာသည်
ကန့်ကွက်ပြောဆိုကြပါ’’ ဆိုတဲ့ ဝိနည်းကျင့်ထုံးများဟာ အများဆန္ဒမပါပဲ
ပြုလုပ် လေ့မရှိကြောင်းကို စနစ်တစ်ခုအနေနဲ့ ဘုရားရှင်ဟောခဲ့တာပါ။
ဒီမိုကရေစီကိုတောင်းဆိုနေသူများ ဘုရားနည်းအတိုင်း လိုက်နာကျင့်သုံး
နိုင်ကြဖို့ပါ။
ဒီမိုကရေစီစနစ်ဆိုတာ စိတ်ကူးယဉ်လို့ကောင်းသလောက်
လိုက်နာကျင့်သုံးဖို့ကြတော့ အလွန်ခက်ခဲတဲ့စနစ်မျိုးလို့ ဆိုရမှာပါ။
သီအိုရီတွေ ကောင်းသလောက် လက်တွေ့ကျင့်သုံးဖို့ ခက်ခဲတဲ့စနစ်တစ်ခုပါ။
ဒီမိုကရေစီဟာ လူတိုင်းအတွက်ဖြစ်ပေမဲ့ လူတိုင်းလိုက်နာဖို့ ခက်ခဲတဲ့
စနစ်မျိုးပါ။
“နိဗ္ဗာန်ကိုလိုချင်ရင် မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်ပါ’’ ဆိုတဲ့
သီအိုရီမျိုးဟာ အပြောလွယ်သလောက် အကျင့်ခက်တဲ့သီအိုရီမျိုးပါ။ နိဗ္ဗာန် ကို
ရနိုင်ရေးအတွက် စိတ်ထားတွေကို ပြင်ရမယ်။ စိတ်ကိုညစ်ထေးစေတဲ့၊
စိတ်တွေကိုဖေါက်ပြန်စေနိုင်တဲ့ ကိလေသာတွေကို နှိမ်နှင်းရမယ်။ တန်ခိုး
အာဏာပါဝါမျိုးကို လိုချင်မှု လောဘအဟန့်အတားမျိုးတွေ၊ မနာလို ဝန်တိုမှု ဣဿာ
မစ္ဆရိယ အဟန့်အတားမျိုးတွေ၊ အရာရာမှာ ငါ့ဖို့ဆိုတဲ့ အတ္တအဟန့်အတားမျိုးတွေ၊
အရာရာမှာ ငါသိငါတတ်ဆိုတဲ့ မာနအဟန့်အတားမျိုးတွေကို ကျော်ဖြတ်ရမယ်။
နိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ကိုရောက်ဖို့ ရှိတာလေးနဲ့ သင့်အောင်ဝတ်၊ ရတာလေးနဲ့
ဝအောင်စား၊ တွေ့တဲ့လူနဲ့ သင့်အောင်နေ၊ ပတ်ဝန်းကျင်ကို နားလည်ပေး (မှက်၊
ခြင်၊ ယင်၊ အပူ၊ အအေး စသည်မျိုး)၊ လမ်းညွှန်ပေးသူရဲ့စကားကို လိုက်နာ၊
ဒီအခြေအနေမျိုးတွေပြည့်စုံပါမှ နိဗ္ဗာန်ဆိုတာ ရနိုင်တာပါ။ စဉ်း
စားနိုင်ဖို့ပါ။
“ဒီမိုကရေစီကို လိုချင်ရင် စည်းကမ်းရှိကြပါ’’ ဆိုတဲ့ သီအိုရီမျိုးဟာလည်း
အပြောလွယ်သလောက် လိုက်နာဖို့ခက်တဲ့ သီအိုရီမျိုးပါ။
စစ်မှန်တဲ့ဒီမိုကရေစီမျိုးကိုရဖို့ ပြည်သူတွေရဲ့ စိတ်ဓာတ်တွေကို
ပြင်ရမယ်။ ယုံစားမှုတွေ၊ ယုံမှားမှုတွေကို ပယ်ဖျောက်ပြီး၊ ယုံကြည်မှုတွေကို
တည် ဆောက်ရမယ်။ လာဘ်ပေး၊ လာဘ်ယူမှုမျိုးကို ပြုနေသည့် အကျင့်ပျက်
ချစားဝန်ထမ်းများကို မညှာမတာ တိုက်ဖျက်ရမယ်။ ထို့နောက်
စားနပ်ရိက္ခာများကို စားလောက်အောင် ပံ့ပိုးပေးရမယ်။ လူတိုင်းအတွက်
ဒီမိုကရေစီဖြစ်ရေးအတွက် လူတိုင်းကို ဒီမိုကရေစီပုံစံခွက်ထဲ ဝင် အောင်
ဆောင်ရွက်ပေးရမယ်။ ဒီလိုမှမလုပ်နိုင်ဘူးဆိုရင် စည်းကမ်းပြည့်ဝတဲ့
ဒီမိုကရေစီနိုင်ငံကြီးဆိုတာ ဘယ်သောအခါမှ ပေါ်ထွန်းလာမှာ မဟုတ်ပါ။
ဒီမိုကရေးစီအရေးဟာ တိုင်းရေး၊ ပြည်ရေး၊ လူမျိုးရေးအတွက်ဆိုတာ ပြည်သူ၊
ပြည်သားတွေ သဘောပေါက်နိုင်ဖို့ပါ။
ဘယ်အရာမျိုးမဆို တကယ်လိုချင်ရင် တကယ်ရနိုင်တာပါ။
တန်ဖိုးကြီးတဲ့အရာမျိုးကို ရယူနိုင်ဖို့ဆိုတာ ဆန္ဒလည်းရှိမှ၊
စိတ်ဓာတ်ကလည်းပြင်း မှ၊ လုံးလဝီရိယကလည်း ထက်သန်မှ၊ အသိဉာဏ်ပညာကလည်း
ပြည့်စုံပါမှ ရနိုင်တာပါ။ တကယ်တော့ စိတ်ကိုကြီးစိုးနိုင်တဲ့
စိတ်ထားတွေကို မွေးမြူကြလျှက် ရဟန်းရှင်လူ ပြည်သူ၊ ပြည်သားများအားလုံး
စုပေါင်းပြီး ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်ကြမယ်ဆိုရင် စည်း
ကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံမျိုးဆိုတာ မိမိတို့စိတ်ကူးအိမ်မက်ကို
မိမိတို့ကိုယ်တိုင်ပုံဖေါ်ပေးနိုင်တဲ့ ဒီမိုကရေစီလူ့အဆောက်အဦးကြီးဟာ
မလွဲမသွေဖြစ်ထွန်းလာမှာပါ။
ပြည်သူတွေမျှော်လင့်ထားတဲ့ ဒီမိုကရေစီဆိုတဲ့ကယ်တင်ရှင်ကြီး
(ဒီမိုကရေစီရရင် လိုချင်တာတွေအားလုံးရနိုင်တယ်လို့ ပြည်သူတွေ မျှော်
လင့်ထားတဲ့ကယ်တင်ရှင်ကြီး) ရောက်လာဖို့ မျှော်လင့်နေရုံနဲ့တော့
ဒီမိုကရေစီကယ်တင်ရှင်ကြီး မြန်မာနိုင်ငံကို ဘယ်တော့မှ ရောက်လာ
နိုင်မည်မဟုတ်ပါ။ “မိုင်ပေါင်းများစွာသောခရီးကို ရောက်နိုင်ဖို့
ခြေတစ်လှမ်းနဲ့ စ-ရမှာ’’ ဆိုတဲ့ လောက်ဇူးရဲ့သီအိုရီအတိုင်း
ဒီမိုကရေစီနိုင်ငံ တော်ကြီးဆီသို့ အရောက်လှမ်းနိုင်ဖို့
ပြည်သူများကိုယ်တိုင် ခြေလှမ်းများကို စတင်လှမ်းကြရမှာပါ။ ၅
သင့်တို့ရဲ့ခြေလှမ်းများဟာ တိုင်းပြည်နဲ့လူမျိုး၊ ဘာသာသာသနာအတွက်
အကျိုးကျေးဇူးတွေဖြစ်ထွန်းလာနိုင်မှာမို့ သင်ကိုယ်တိုင်ပင် တိုင်း
ပြည်နဲ့လူမျိုးအတွက် ပေးဆပ်နိုင်ဖို့ပါ။ “တိုင်းပြည်က ငါ့အတွက်
ဘာလုပ်ပေးပြီးပြီလဲလို့မမေးပါနဲ့၊ ငါက တိုင်းပြည်အတွက် ဘာလုပ်ပြီးပြီဆိုတာ
မေးပါ’’ ဆိုတဲ့ ဂျွန်ကနေဒီရဲ့စကားလေးကို အမြဲအမှတ်ရကြဖို့ပါ။ ကဲ စာလည်း
အတော်ရှည်သွားပြီ။ ပြောချင်တဲ့စကားတွေလဲ အတော် ပြောပြီးပြီမို့ စာရေးသူရဲ့
အတွေးအာရုံများကို ရပ်နားခွင့်ပြုပါ။ ဘာပဲဖြစ်ဖြစ်လေ... ဒီမိုကရေစီဆိုတာ
မြန်မာပြည်သူ၊ ပြည်သားတွေ မက်နေတဲ့ အိမ်မက်မဟုတ်ပါလား။
ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ
ဒေါက်တာဓမ္မပိယ (ITBMU)
၁။ If people are aware of their rights and duties and participate
appropriately, the people and the country will truly benefit. (13th KPI
Congress 2012, p.1)
၂။ It might be said that a good democratic society cannot occur if the people lack knowledge, understanding, and true
awareness of their roles, responsibilities, and the significance of citizens in a democracy. (13th KPI Congress 2012,)
၃။ ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိ၊ စာမျက်နှာ ၆၂။
၎။ ဝိနည်းပိဋကတ်၊ ပါရာဇိကပါဠိ၊ စာမျက်နှာ ၂၆၆။
၎။ ဝိနည်းပါဠိ၊ ပါရာဇိကပါဠိတော်မြန်မာပြန်၊ နှာ ၁ဝ၁။
၅။ The journey of a thousand miles must begin with a single step. (Lao Tzu).
http://www.mettananda.com/ တွင်လည်း အတွေးအမြင်ပွားများစေမည့် သုတဖြစ်ဖွယ်ဆောင်းပါးများအား ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
Posted by Aung Htet at 9:45 AM 0 comments
Labels: အရှင် ဘိက္ခုဓမ္မပီယ (ယူအက်စ်အေ)
ref:http://www.facebook.com/notes/uza-wana
12:06 AM
Posted by
saw chit thi ha
ဒါကတော့ မိမိကွန်ပျူတာမှာ ရှိတဲ့ partition များကို ဖျောက်ထားတဲ့နည်းပါ။
(C: ) OS လွဲလို့ ကျန်တဲ့ partition မှာ ထည့်ထားတဲ့ data တွေ၊ သူတစ်ပါး
မသိစေချင်တဲ့ ဖိုင်တွေကို ဖျောက်ထားချင်သူများအတွက် အသုံးဝင်မယ်လို့
ထင်ပါတယ်။ အဲလိုဖျောက်လိုက်လို့ ဘာ data တွေမှ မပျောက်ဆုံးပါဘူး။ လွယ်လည်း
လွယ်ပါတယ်။ အဲလို ဖျောက်ထားချင်သူများအတွက် အောက်ကလို အဆင့်ဆင့်သွားပါ..။
My computer> manage>disk management သို့သွားပါ။ management box ပေါ်လာရင်..အောက်ကလို

မိမိဖျောက်ချင်တဲ့ partition ပေါ်မှာ right click နှိပ်ပါ။ change drive letters and paths ရွေးပါ။
ပြီးရင်…အောက်က ပုံပြထားတဲ့အတိုင်း remove နှိပ်ပြီး box တစ်ခုပေါ်လာရင် ok ပေးလိုက်ရင် ရပါပြီခင်ဗျာ။
ဆက်ဖတ်ရန်...

ပြန်ဖော်ချင်ရင်....
အဲဒီဖျောက်ထားတဲ့
partition ကို ပြန်ဖော်ချင်ရင် အပေါ်က နည်းအတိုင်း…my computer>
manage>disk management>သို့သွားပါ။ ပြီးရင် မိမိဖျောက်ထားတဲ့
partition အကွက်မှာ right click>change drive letters and paths သွားပါ။
box တစ်ခုပေါ်လာရင် add ကို နှိပ်ပါ။ အောက်ကလို box တစ်ခုပေါ်လာရင်

မိမိဖျောက်ထားတဲ့
( D:/ F:/ E:/) စသည်တစ်ခုခုကို ရွေးပြီး ok ပေးလိုက်ရင်
ရပါပြီခင်ဗျာ…..ဒါကတော့ မသိသေးတဲ့ သူများအတွက်ပါ….အဆင်ပြေကြပါစေ…
4:43 AM
Posted by
saw chit thi ha
အခါတစ်ပါး မြတ်စွာဘုရား ဒေသစာရီ လှည့်လည်တော်မူစဉ် ကေသမုတ္တိနိဂုံးရှိ
ကာလာမအနွယ် အမျိုးသားတို့ နေရာသို့ ရောက်ရှိခဲ့ ပါသည်။ ကာလာမ
အမျိုးအနွယ်တို့သည် မြတ်စွာဘုရားကို ဖူးမြော်ကြည်ညိုပြီး ၀မ်းမြောက်ဖွယ်
စကားများကို ပြောဆိုပြီးနောက် ယခု ကဲ့သို့ လျှောက်ထားကြသည်။
” အရှင်ဂေါတမ ကျွန်တော်မျိုးတို့ နေထိုင်ရာအရပ်သို့ ရောက်လာသမျှသော ဘာသာရေး ခေါင်းဆောင်ဟူသမျှ
တို့သည် အချင်း ကာလာမ အနွယ်တို့ အယူဝါဒဟူသမျှတို့တွင် ငါတို့၏
အယူဝါဒသည်သာလျှင် အကောင်းဆုံး ဖြစ်သည်ဟု ဟောပြောလေ့ ရှိကြပါသဖြင့်
ကျွန်တော်မျိုးတို့မှာ မည်သည့် အယူဝါဒ အကျင့်အကြံဟာ ကောင်းကြောင်းကို
မဆုံးဖြတ်နိုင် ဖြစ်နေကြပါသည် ဘုရား ” ဟု လျှောက်ထားကြရာ ဘုရားရှင်က သူ၏
ဝိဘဇ္ဇ ဝေဖန်ပိုင်းခြားပြီးမှ ယုံကြည်ရသော ၀ါဒကို ယခုကဲ့သို့ ရဲရဲတောက်
ဟောကြားတော်မူ ပါသည်။
ဗုဒ္ဓ၏ ၀ိဘဇ္ဇတရားတော်
- အို . . အချင်း ကာလာမအနွယ်တို့၊ သင်တို့သည် အယူဝါဒ တစ်ခုကို တဆင့်ကြားဖြင့်လည်း အမှန်လို့ မယူကြနဲ့၊
- ရှေးအစဉ်အလာ စကားဖြစ်ရုံနဲ့လည်း အမှန်လို့ မယူကြနဲ့၊
- ဤသို့ ဖြစ်ဖူးသတဲ့ ဆိုသဖြင့်လည်း အမှန်လို့ မယူကြနဲ့၊
- ကျန်းဂန်နှင့် ညီညွတ်သည် ဆိုရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့၊
- နည်းမှီ၍ ယူခြင်းမျိုးဖြင့်လည်း အမှန်လို့ မယူကြနဲ့၊
- အကြောင်းခြင်းအရာကို ရှာကြံထောက်ပြ ညီညွတ်သည် ဆိုရုံဖြင့်လည်း အမှန်လို့ မယူကြနဲ့၊
- မိမိတို့ ကြံစည် နှစ်သက် လက်ခံထားသော အယူနှင့် ကိုက်ညီသည်ဆိုရုံနှင့် အမှန်လို့ မယူကြနဲ့၊
- လက်ခံထိုက်သော ပုဂ္ဂိုလ်၏စကား ဖြစ်ရုံဖြင့် အမှန်လို့ မယူကြနဲ့၊
- မိမိတို့ လေးစားအပ်သော ဆရာ၏ စကားဖြစ်ရုံဖြင့် အမှန်လို့ မယူကြနဲ့၊
သင်တို့သည် မိမိကိုယ်တိုင် ဤတရားတို့သည် အကုသိုလ်တရားတို့တည်း၊
ဤတရားတို့သည် အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့
ကဲ့ရဲ့အပ်သော တရားတို့တည်း၊ ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို
ဆောက်တည်လျှင် အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏ဟု သိကြသောအခါ
ထိုတရားတို့ကို ပယ်ကြကုန်လော့၊
ဤတရားတို့သည် ကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်မရှိသော
တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊
ဤတရားတို့နှင့် ပြည့်စုံလျှင်၊ ဤတရားတို့ကို ဆောက်တည်လျှင်
အကျိုးရှိခြင်းငှာ၊ ချမ်းသာခြင်းငှာ ဖြစ်၏ဟု သိကြသောအခါ ထိုတရားတို့ကို
ဆောက်တည် ကျင့်သုံးကြကုန်လော့ ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။
ဝါဒလွဲကြောင့် ကိုယ်ကျိုးနည်းခဲ့ကြသူများ
ဖော်ပြပါ မြတ်ဗုဒ္ဓ၏ အယူဝါဒ ဆန်းစစ်ဖေ၀န်နည်းကို မသိခဲ့ကြသောကြောင့်
ကမ္ဘာနှင့်အ၀န်း အစုလိုက် အပြုံလိုက် ဘာသာရေးဗန်းပြ သက်သေမှုများ မကြခဏ
ဖြစ်ခဲ့ရပါသည်။
၁၉၇၈ ခုနှစ်က ဂိုင်ယာနာတွင် ဂျင်ဂျုံးနှင့်တကွ နောက်လိုက်
ကိုးရာကျော်တို့သည် စည်ပေပါကြီးများဖြင့် အဆိပ်ရည်များ ဖျော်သောက်ပြီး
မိမိကိုယ်ကိုမိမိ အဆုံးစီရင်လိုက်ကြသည်။ အကြောင်းပြချက်က ယခုအချိန်
သေခြင်းသည် မြင့်မြတ်ပြီး ထာဝရ ဘုရားသခင် အလိုကျ ဖြစ်သောကြောင့် ဟူ၍ပါ၏။
၂၂-၉-၁၉၈၅ နေ့ထုတ် မြန်မာ့အလင်း သီတင်းစာ၌ ဖိလစ်ပိုင်နိုင်ငံ၊
မနီလာမြို့ တောင်ဘက်၊ မိုင်ခြောက်ရာခန့် အကွာ ဒါဗိုပြည်နယ်၊
ဝုမီတန်ကျေးရွာတွင် လူမျိုးစု အကြီးအကဲတစ်ဦးက ဘုရားသခင်ကို တွေ့ရမည်ဟု
ပြောပြီး လူပေါင်း ၇၀ ကို ပိုးသတ်ဆေး ခတ်ထားသော ယာဂုကို တိုက်ကျွေးရာမှ
အားလုံး သေကြရကြောင်း ဖော်ပြထားသည်။
၁၉၉၃ ခုနှစ်ခန့်ကလည်း အမေရိကန် ပြည်ထောင်စု၊ တပ်ဆပ်ပြည်နယ်မှ
ဒေးဗစ်ကိုရက်ရှ် သည်လည်း ကြီးမားသော ခြံဝန်းကြီးတစ်ခုကို စစ်ဌာနချုပ်ကြီး
တစ်ခုကဲ့သို့ လုံခြုံအောင်စီမံပြီး ဘာသာရေးဗန်းပြကာ ဆွဲဆောင်သဖြင့် မိန်းမ၊
ယောက်ျား အတော်များများ စုမိသည်။ ထိုဌာနချုပ်ထဲ ရောက်လာသော
အမျိုးသမီးမှန်သမျှ သူနှင့်လွတ်ကင်းသူ ခပ်ရှားရှားဟူ ပါ၏။
နောက်တဆင့်တက်ပြီး လက်နက်များပါ စုဆောင်းလာသဖြင့် အမေရိကန်
လုံခြုံရေးအရာရှိများက စစ်ဆေးခွင့်ပြုရန် တောင်းသော်လည်း မရဘဲ
ဒေးဗစ်ကိုရက်ရှ်တို့ဘက်မှ စတင်ပစ်ခတ်သဖြင့် လုံခြုံရေး အရာရှိများမှာ
လက်နက်သုံးပြီး အတင်းဝင်သိမ်း ကြရတော့သည်။ ထိုအခါ သူ့ကိုယ်သူ မေတ္တာရှင်၊
ကရုဏာရှင် ဟု ၀န်ခံထားသော ဒေးဗစ်ကိုရက်ရှက်က ဌာနချုပ်ကြီးကို အလုံပိတ်ပြီး
မီးတင်ရှို့ကာ အထဲမှ အမျိုးသား၊ အမျိုးသမီးများကို ထွက်မပြေးစေဘဲ
မီးလောင်ခံသေရန် ပြောကြားပါသတတ်၊ မနေနိုင်၍ ထွက်ပြေးသူများသာ အသက်ရှင်ပြီး
ဒေးဗစ်ကိုရက်ရှ် အပါအ၀င် ၈၅ ယောက်တို့မှာ မီးလောင်ခံပြီး သေကြရသည်။
၈-၁၀-၁၉၉၄ ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ဘာသာရေး အယူမှားကြောင့်
အစုလိုက် အပြုံလိုက် သေဆုံးရသော သတင်း တစ်ပုဒ်ကို ဖတ်ရပြန်သည်။
ဆွစ်ဇာလန်နိုင်ငံတွင် ဘာသာရေး အယူလွဲမှုကြောင့် မီးလောင်ကျွမ်း
သေဆုံးသူများ၏ အလောင်း ၄၈ လောင်းကို တွေ့ရှိရကြောင်း အေပီက ဖော်ပြသည်။
သေဆုံးသူများမှာ ခရော့အင်ရိုစ် ဘာသာရေးအသင်းမှ အသင်းဝင် ၄၈ ဦး ဖြစ်သည်ကို
တွေ့ရှိရပြီး မြေအောက် ဘုရားကျောင်းနှင့် အခြားအဆောက်အအုံများအတွင်း
အလောင်းများကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူများ၏ ခေါင်းဆောင် လမ်းပြဖြစ်သူမှာ အသက် ၄၆ နှစ်ရှိ ဆရာဝန်နှင့်
ကနေဒါနိုင်ငံ ကွီဘက်မှ အော်ဒါအော့ဖ်ဆိုလာ ဘုရားကျောင်း ၀တ်အသင်း တည်ထောင်သူ
လပ်ဂျူးနက် ဖြစ်သည်ဟု ယူဆသည်။ ၄င်းမှာ လက်နက်မှုဖြင့် ဆွစ်ဇာလန်နိုင်ငံသို့
ယမန်နှစ်က တိမ်းရှောင်လာသူ ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။
ဤကဲ့သို့ အဖြစ်ဆိုးများနှင့် ကြုံရခြင်း၏ အဓိက အကြောင်းဇာစ်မြစ်ကား
ယုံကြည်၊ ကြည်ညိုမှု သဒ္ဓါများ၍ ခွဲခြားဝေဖန်ပိုင်းခြားမှု ပညာ
နည်းသောကြောင့်ပါတည်း။
မေတ္တာရှင် (ရွှေပြည်သာ) ရေးသားသော မျက်ရည်မကျခင် သိစေချင် စာအုပ်မှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။
ဗုဒ္ဓ၏ ၀ိဘဇ္ဇတရားတော်ကဲ့သို့ အယူဝါဒ အမှား၊ အမှန်ကို ၊
ကိုယ်ပိုင်ဉာဏ်ဖြင့် လွတ်လပ်စွာ ဆန်းစစ် ဝေဖန်နိုင်သော၊ ဆန်းစစ်
ဝေဖန်ပြီးမှ ယုံကြည် ကျင့်သုံးရန် လမ်းညွှန်သော အခြားအယူဝါဒများ
ရှိလျှင်လည်း သိလိုပါ၏။
မှတ်ချက်။ – - – -။ ဆန်းစစ် ဝေဖန်တတ်စေလိုသော စေတနာဖြင့်သာ
တင်ပြခြင်းဖြစ်ကြောင်းနှင့် မည်သည့် ဘာသာကိုမှ ဘာသာရေး ပုတ်ခတ်လိုစိတ်
မရှိပါကြောင်း သိစေအပ်ပါသည်။
- ချမ်းသာကိုယ်စိတ်မြဲကြပါစေ . . .
- စေတနာရှင
5:04 PM
Posted by
saw chit thi ha
“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”
ခက်ဆစ် >> ၁။ ဂဏန်း = လက်မထောင်ခြင်း ၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း
၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း ၄။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း
၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း ၆။ ခွေးအ = ကောက်ကျစ်ခြင်း
စကားပြေ
>> ဤခြောက်ဝ မှတ်ပါ အနာယက ။ ၁။ ဂဏန်းနဲ့တူတဲ့ လူစားမျိုးတဲ့။
ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။
ငါမှတတ်တာ၊ မင်းတို့ကဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာလာမလုပ်နဲ့ဆိုတဲ့
လူစားမျိုးပါ။ အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို
ဆရာမတင်ထိုက်ဘူး။ ၂။ ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့
ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊
ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။ အဲဒိလို
လူမျိုးဆရာတင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါးလောက်မှောက်ရော။ ၃။
ဝါးပင်လို လူစားမျိုးတဲ့။ ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊
ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူး။ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတကာ
ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ၊
ကောင်းတာဆိုလည်း အစွယ်ကောင်းရင် လုပ်တယ်။ မကေကာင်းတာဆိုရင်လည်း
မက်လုံးကောင်းရင်လုပ်တယ်။ ပျော့ညံ့လူစားမျိုး၊ ဒီလိုလူစားမျိုးလည်း
ဆ၇ာတစ်ယောက်အနေဲ့ အားမကိုးထိုက်ပြန်ဘူး။ ၄။ နွားသိုး နဲ့တဲ့ လူမျိုး။
ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲဘူး။ နေရာတကာ ရှုးဒိုင်းဒိုင်းနဲ့
စွတ်လုပ်တတ်တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။
ဒီလိုလူမျိုးခေါင်းဆောင်တင်မိရင်လည်း အားလုံးပျက်ဆီးဘို့များပြီ။ ၅။
လိပ်နဲ့တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြိးတဲ့ လူစားပေါ့။ ဘာမဆို
သူ့အတွက်ပဲ သူသိတယ်။ “ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့ မယ်၊ ငါပြီးမှ
ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ ကိုယ်ကျိုးစီးပွါးပဲ သိတယ်။ အများအတွက်
ထဲ့မတွက်တတ်တဲ့လူစားမျိုး။(ပရဟိတ စိတ်မ၀င်စားတဲ့ လူစားမျိုး) ၆။ ခွေးအနဲ့
တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာမဆို နည်းမှန်၊
လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကိုမဆို လှည့်စားလိုက်ရမှ စားဝင်
အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက်ခုတ်ထဲက ရေလို၊
ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။ ကဲ...ခေါင်းဆောင်လုပ်မယ့်သူများ
စဉ်းစားကြည့်ပါ၊ ငါဘယ်နံပါတ်နဲ့ ငြိနေလည်းဆိုတာ၊ ဘယ်နံပါတ်နဲ့မှ
မငြိဘူးဆို၇င်တော့ သင်လူကောင်းဖြစ်ပြီ၊ ခေါင်းဆောင်ကောင်းဖြစ်၊
မဖြစ်ရင်တော့ နောက်တင်ပြမယ့် “ခေါင်းဆောင်အင်္ဂါ”နဲ့ ဆက်ပြီး
တိုက်ဆိုင်ကြည့်ရပါမယ်။
>> (သိင်္ဂါလောဝါဒသုတ် ကို ကိုးကားပါသည်)
1:56 AM
Posted by
saw chit thi ha

အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည် ……..
အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက်
စားစရာများကိုကိုယ့်နှင့်မကွ ဆောင်ထားကြသည်မှာများကြပါသည် …သင်သည်
ယခုဆန်ဆေးရည်ကို နေ့ စဉ်ပုံမှန်သောက်သုံးပါက အစားအစာဆောင်ရခြင်းနှင့်
အစာအိမ်အောက်ခြင်း နာခြင်းများ မရှိတော့ပါ ။
ကျောင်းတက်စဉ်က သူငယ်ချင်းများနှင့် မိတ်ဆွေများထဲ့မှ
အစာအိမ်ဖြစ်သောသူများကို ပြောပြပြီး သောက်ခိုင်းခဲ့လို့  အစာအိမ်သမား
တော်တော်များများပျောက်ကင်းသက်သာခဲ့ပြီး ကောင်ညှင်းပေါင်းတောင်
မစားရဲသူများတောင် စားလို့ ရလာနိုင်သော ဆန်ဆေးရည်ဖြစ်ပါသည်…
အစာအိမ်သမားများအတွက် ဆန်ဆေးရည်ကို အောက်ပါအတိုင်းလုပ်ဆောင်သောက်သုံးလိုက်ပါ
မနက်အိပ်ယာထထခြင်း မနက်ဆန်ဆေးရည်ကို မက်ခွက်တခွက်လောက်ကို အမြဲသောက်ပေးပါ
..ရောဂါပေါ်မှုတည်ပြီး သောက်ပေးရပါမည် အချိန်ကိုတော့
လပိုင်းထိမနက်တိုင်းမနက်တိုင်းသောက်ပေးပါ
လုပ်ဆောင်နည်း .........
မနက်ထမင်းချက်ဖို့ ဆန်ဆေးသည့်အခါ ပထမ ဆန်ဆေးရေကို အလျှင်အမြန်ဆေးပါ
ပထမရေသည် ဆန်တွင်ပါဝင်သော သဲအမှုန့် များ ကို ဆေးကြောခြင်းဖြစ်ပါသည်
ဒုတိယအကြိမ်တွင် ဆေးသောဆန်ဆေးရေကို လက်ဖြင့် ကျကျနန ပွတ်သက်ဆေးကြောပြီး
ရရှိလာသော ဆန်ဆေးရေကို မနက်အိပ်ယာထထခြင်း မက်ခွက်ကြီး တခွက်စာ
သောက်သုံးပေးပါက အစာအိမ်ဖြစ်သော သူများသည် မိမိဖြစ်နေသော ရောဂါဝေဒနာ
ပျောက်ကင်းသွားပါလိမ့်သည် ။
Ref: https://www.facebook.com/mg.mandalay
1:54 AM
Posted by
saw chit thi ha

ဗုဒ္ဓဂါယာ ဆိုသည်မှာ
ဗုဒ္ဓဘာသာဝင် တို့သည် သဗ္ဗညုဘုရားရှင်နှင့် စပ်လျဉ်း၍ ထူးမြတ်သော
မင်္ဂလာအောင်မြေ အရပ်များကို သတ်မှတ်ထားလေသည်။ ထိုအောင်မြေအရပ်များတွင်
(၁) ဂေါတမဘုရား အလောင်းတော် ဖွားမြင်ရာ လုမ္ဗိနိဥယျာဉ်၊
(၂) သဗ္ဗညုတဉာဏ်တော် ရရှိတော်မူရာ မဟာဗောဓိ အောင်မြေ၊
(၃)ဓမ္မစကြာ တရားဦး ဟောတော်မူရာ မိဂဒါဝုန်တော၊
(၄)ပရိနိဗ္ဗာန် စံတော်မူရာ ကုသိနာရုံ အင်ကြင်းတောစသည့်
သံဝေဇနိယ လေးဌာန ပါဝင်သည်။
အဆိုပါ လေးဌာနကို ဘုရားဖူး လာသူအပေါင်းတို့အား ဓမ္မသံဝေဂ ဖြစ်စေကာ
နတ်ရွာသုဂတိသို့ လားရောက်စေတတ်သော ဌာနထူး ဌာနမြတ်များ ဖြစ်ကြသည်ဟု ဆိုသည်။
တဖန် ယင်းဌာန လေးခုအနက် မဟာဗောဓိ အောင်မြေအရပ်သည် အထူးမြတ် အလွန်ကဲဆုံး ဖြစ်သည်။
ကမ္ဘာဦးအခါ နိမိတ်ပြ ကြာရုံကြီးများသည် မဟာဗောဓိပင်
နေရာမှပေါက်၍ မြေပြင်ပေါ်ထွန်းရာတွင်လည်း ဦးစွာပေါ်ထွန်းပြီးလျှင် ကမ္ဘာပျက်ရာ၌လည်း နောက်ဆုံးမှ ပျက်သည်ဟု ကျမ်းဂန်များ၌ ပါရှိသည်။
ထို့အပြင် ဗောဓိပင်နှင့် ပလ္လင်တော်နေရာသည် ပွင့်လေသော ဘုရားရှင်တိုင်း
မစွန့်အပ်သော သို့မဟုတ် လွှဲပြောင်းခြင်း မရှိသော အဝိဇဟိတဌာန လေးပါးတွင်
တစ်ပါးအပါအဝင် ဖြစ်သည်။
ယင်းကဲ့သို့သော ဗုဒ္ဓဘာသာဝင်တို့အဖို့ လွန်ကဲထူးမြတ်သော မဟာဗောဓိအောင်မြေ
သို့မဟုတ် ဗောဓိပလ္လင်နှင့် ရွှေပလ္လင်တို့ တည်ရှိခဲ့သော နေရာဒေသ
ပတ်ဝန်းကျင်တဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်သည်။
ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ ဗီဟားပြည်နယ်တွင် တည်ရှိသည်။ ကာလကတ္တားမြို့မှ
မီးရထားလမ်းအားဖြင့် ၂၉၂ မိုင် ကွာဝေးသော ဂါယာခရိုင်ထဲတွင် တည်ရှိ၍
ဂါယာမြို့မှ တောင်ဖက် ၇ မိုင်ဝေးသေးသည်။
ဂါယာဘူတာမှ ဗုဒ္ဓဂါယာသို့ အငှားယာဉ်၊ မြင်းလှည်းတို့ဖြင့် လွယ်ကူစွာ သွားရောက်နိုင်သည်။
စွယ်စုံကျမ်းမှ ကူးယူဖော်ပြသည်။
ဘလောတွင်
http://myanmartraditionalcollection.blogspot.com/2013/01/blog-post_29.html?spref=fb
ကြည်ရှုနိုင်ပါသည်။
Ref:www.facebook.com