ထီသိုဝ်သီးအှ်ဆံင်းလာ.ဆ်ာကိုဝ်ဟှာဍေ.....လာရောက်လည်ပတ်သော မိတ်ဆွေချစ်သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်

ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှုရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Popular Posts

5:00 AM

မိဘအချို့ပြင်ဆင်စရာ

Posted by saw chit thi ha


မိဘသည် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဖြစ်ပါသည်။ လက်ဦးဆရာလည်း ဟုတ်သည်။သို့သော် အချို့ကား သားသမီးတွေကို အမွေမပေးနိုင်ခဲ့ပေ။ မသွန်သင်မဆုံးမတတ်ပေ။ ထို့ကြောင့် တာဝန်မကျေသောမိဘလို့ ဆိုရလေမလား….၊ သို့မဟုတ် မျိုးဆက်ပပျောက်ရေးတရားခံလို့ ဆိုရလေမလား….။ ဤသို့ ဤလို မိဘမျိုးကား ကရင်လူမျိုးထဲတွင် အများအပြားပင်။ သာဓကပြရသော်……


တစ်ခုသောနွေရာသီကာလ၌ စာရေးသူသည် ကျေးရွာတစ်ရွာသို့ ကရင်စာပေယဉ်ကျေးမှုသင်တန်း သွားရောက်ဖွင့်လှစ်ပေးသည်။ ထိုသင်တန်းမှ အသက်(၆)နှစ်မှ အသက်(၂၀)ကျော်အထိ သင်တန်းသားဦးရေ (၁၀၀)ကျော်ရှိသည်။ သူတို့တစ်ထွေ အားတက်သရော ကရင်စာလာသင်နေကြသည်ကို တွေ့ရတော့ စာရေးသူ ပီတိဖြစ်မိသည်။ စာရေးသူအဖို့ ရယူခြင်းမပါပဲ ပေးဆပ်ခြင်းသက်သက်ဖြင့် သင်ကြားပေးခဲ့သည်။ ကရင်အမျိုးသား စာပေ၀န်ထမ်းသည် လစာ(ထောက်ပံ့ကြေး) နှင့် အလုပ်လုပ်သူတွေ မဟုတ်လေတော့ အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ပါ၏။ သို့ပေမယ့် အခက်အခဲတွေကို အပထားပြီး တစ်နှစ်တစ်ကြိမ် ကရင်စာပေသင်တန်း ဖွင့်လှစ်ဖြစ်မြောက်အောင်မြင်နိုင်ရေးကို ဦးတည်ကာ ပြဿနာအမျိုးမျိုးကို သည်းခံခြင်းဖြင့် အနိုင်ယူခဲ့ပါသည်။

တစ်ခါတစ်လေ သည်းမခံနိုင်လောက်အောင် သင်တန်းသားများ၏ မိဘစကားတွေကို ခံရတတ်သေးသည်။ အကြောင်းကား စာရေးသူ ပို့ချပေးလိုက်သော သင်ခန်းစာတွေကို သူတို့အိမ်ပြန်ရောက်တော့ လေ့ကျင့်ရွတ်ဖတ်ကြသည်။ အဲသလိုရွတ်ဖတ်ကြတော့ မိဘဖြစ်သူတွေက နားငြီးသည်ဆိုပြီး စာမဖတ်ရန် ကလေးတွေကို ဟောက်ကြ ဆူကြသည်။ `မင်းတို့ ကရင်စာသင်တာ ဘယ်မှာ သွားသုံးမလဲ´…၊ ကရင်စာတတ်တော့ကော ဘာရာထူးရမှာလဲ`… စသည်ဖြင့် ပြောကြသည်။

+ Read more
ကြားထဲမှာ စာရေးသူ၏ စေတနာကိုပါ စော်ကားလိုက်သေးသည်။ သူတို့စော်ကားပုံကား… `ကရင်စာပေနည်းပြဟာ လစာဘယ်လောက်ရလို့လဲ၊ လစာမရှိဘဲနဲ့ လုပ်နေရင် အရူး အမှိုက်ကောက်တာနဲ့ အတူတူပဲ`…တဲ့။ ကဲ စဉ်းစားကြည့်ပါ။ မိဘဖြစ်သူတွေက အဲသလို အယူအဆ အမြင်ကျဉ်းလေတော့ စာရေးသူတို့ အမျိုးသားစာပေသမားအားလုံး ဘယ်လောက်ခံရမည်နည်း။ သူတို့ပြောသည့်အတိုင်းဆိုလျှင် စာရေးသူတို့ စာပေသမားများသည် အရူးသာဖြစ်ကြ၏။ ဟုတ်တော့ ဟုတ်ပါသည်။
လူဆိုသည်မှာလည်း တစ်ယောက်တစ်မျိုးစီ ရူးကြသည့်သူတွေ ချည်းပါ။ သို့ပေမယ့် တစ်ခြားအရူးနှင့်စာလျှင် အမျိုးသားစာပေ ရူးခြင်းသည် သဘာဝကျလှသည်။သဘာဝ မကျသူကား မိဘဖြစ်ပြီး ဘိုးဘွားအမွေ အစစ်အမှန်ဖြစ်သည့် စကား၊ စာပေ၊ ယဉ်ကျေးမှုတွေကို လက်ဆင့်ကမ်းမပေးနိုင်သူသာ ဖြစ်သည်။ ထိုမိဘမျိုးသည် တာဝန်မဲ့၊ ၀တ္တရားပျက်သော မိဘဆိုလျှင် မှားမည်မထင်။

မြို့ပေါ်နေ ကရင်အချို့လည်း ထိုနည်းအတိုင်းပင်။ စီးပွါးရေးတစ်ခုတည်းကိုသာ လုံးပန်းပြီး သားသမီးတွေကို ကရင်စကားသင်ပေးရမှန်းတောင် သတိမရကြချေ။ သို့ဖြစ်ပါ၍ အိမ်ထောင်ရှိ လူငယ်တစ်ယောက်အကြောင်းကို ပြောပြလိုပါသည်။ ၎င်းလူငယ်သည် စီးပွါးရေး အတန်အသင့် အောင်မြင်သူတစ်ယောက်ဖြစ်ပါသည်။ သူတို့ မိသားစုလေးယောက်ရှိသည်။ နယ်က ပြောင်းလာသူလည်းဖြစ်သည်။ သူ့သမီးလေးက ငါးနှစ်အရွယ်ရှိပြီး သားက နှစ်နှစ်ကျော် သုံးနှစ်ရှိမည်ထင်ပါသည်။ သူတို့ကို ကြည့်ပြီး စာရေးသူ အတော်စိတ်ထိခိုက်မိပါသည်။

အဘယ့်ကြောင့်နည်း။ အသက်ရှင်လျက်သေနေသောသူနှင့် တူနေသည့်အဖြစ်ကို တွေ့မြင်ရခြင်းကြောင့်ဖြစ်ပါသည်။ နယ်က ပြောင်းလာတာ မကြာသေးဘဲ သားသမီးငယ်နှစ်ယောက်က ကရင်စကားမတတ်တော့ပေ။ မိဘနှစ်ပါးစလုံး ကရင်အစစ်ဖြစ်ပါလျက်နှင့် ကိုယ့်သားသမီးကို ဘာသာစကားအမွေ ဘာကြောင့်မပေးနိုင်သနည်း။ ဘာသာစကားအမွေမပေးဘဲ ပေါ့ပေါ့တန်တန်နေခြင်းသည်အင်မတန် အဆင့်အတန်းနိမ့်သည့် မိဘတွေပဲ ဟု ကောက်ချက်ချရပါမည်။ သူက ပြောပါသေးသည်။ `ငါတို့ လင်မယားနှစ်ယောက် ဗမာစကားမပီခဲ့ဘူး၊ အခု သားသမီးတွေကိုတော့ ဗမာစကားပီအောင် ကရင်စကားကို လုံးဝ မသင်ပေးတော့ဘူး၊ ဒါမှ သူတို့ လူရာဝင်မယ်…တဲ့။ သူ့စကားနှင့် ပတ်သက်လို့ မှန်သည်၊ မှားသည် ဟု
စာရေးသူ မဝေဖန်လိုပါ။ စာဖတ်သူသာ ဆုံးဖြတ်ပါ။ သို့နှင့် သည်နေရာမှာ ဥပမာတစ်ခုနဲ့ နှိုင်းယှဉ်ပြချင်ပါသည်။
မြန်မာတိုင်းရင်းသားတစ်ယောက်သည် မြန်မာစကားမတတ်ဘဲ အင်္ဂလိပ်စကားသာ တတ်မည်ဆိုလျှင် ဂုဏ်ရှိပါမည်လော။ လူရာဝင်သောသူ၊ အဆင့်အတန်းရှိသောသူလို့ သတ်မှတ်နိုင်ပါမည်လော။ ထိုနည်းတူ ကရင်သည်လည်း ဗမာစကားသာ တတ်ပြီး ကရင်စကားမတတ်လျှင်……။

ထို့နောက် စာရေးသူတွေ့ကြုံခဲ့ရသော မိတ်ဆွေတစ်ယောက် အကြောင်းကို ပြောပြချင်သေးသည်။ ၎င်းမိတ်ဆွေသည် ကရင်စကား မတတ်ရှာပါ။ သို့သော် ကရင်စိတ်ဓာတ် အပြည့်အ၀ရှိသူဖြစ်ပါသည်။
ကရင့်ရေးရာနှင့် ပတ်သက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်တို့၊ ၀ါခေါင်လ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်တို့၊ ကရင်စာပေယဉ်ကျေးမှုကိစ္စတို့နှင့် အခြားခြားသော လူမှုရေးကိစ္စအ၀၀ကို တစ်ခုမကျန်အကုန်ပါဝင်ဆောင်ရွက်သည်။ သူသည် ခေတ်ပညာတတ်တစ်ယောက်လည်း ဖြစ်သည်။
သူ၏ အမျိုးသားရေးစိတ်ဓာတ် ပြင်းပြနေပုံကိုတွေ့ရတော့ စာရေးသူ အံ့သြမိသည်။ စပ်စုချင်သော သဘောဖြင့်
သူ့ကို မေးကြည့်သောအခါမှာ သူက `မိဘဘိုးဘွား အဆက်ဆက်က ကရင်အစစ်တွေပါ။ ဒါပေမယ့် အဖေအမေက ကရင်စကားတစ်ခါမှ မသင်ပေးတော့ ကရင်စကားမတတ်ဘူး၊ ရိုးရာဓလေ့တွေကိုလည်း နားမလည်ခဲ့ပါဘူး…. စသည်ဖြင့် ပြောပါသည်။

သူ့ရဲ့ ရင်ဖွင့်သံအရ မိဘကြောင့် မျိုးဆက်တုန်းရသည်ဟု ဆိုလျှင် လက်ခံနိုင်လောက်ပေသည်။ မိဘတွေအဖို့ ပညာရေး၊ စီးပွါးရေးတွေကိုသာ ရှေ့တန်းတင်ပြီး အမျိုးသားနိုင်ငံရေးကို လျစ်လျူရှုခဲ့သည်။တစ်ချို့ဆိုလျှင် သားသမီးတွေကို ပညာတတ်ကြီးဖြစ်အောင် တိုးတက်ကြီးပွါးအောင် ပြောဆိုဆုံးမပါရဲ့။ သို့သော် သားသမီးတွေ မျိုးချစ်စိတ်ဓာတ်ရှိလာအောင် ဆိုဆုံးမရန် မေ့နေကြသည်။ တစ်ချို့ကျတော့လည်း ကိုယ်တိုင်က မျိုးချစ်စိတ်ဓာတ်အပြည့် မရှိပေ။ထိုမိဘမျိုးသည် တာဝန်မကျေသော မိဘဟု ဆိုရပါမည်။

အထက်ပါ ဆိုခဲ့သမျှ ပြန်လည်သုံးသပ်ကြည့်လျှင် လူမျိုးပျောက်ကွယ်ရခြင်း အကြောင်းရင်းက ခေတ်ကြောင့်မဟုတ်ပါ။ လူငယ်ကြောင့်လည်း မဖြစ်နိုင်ပါ။ မိဘကြောင့်ဟုဆိုလျှင် အသင်စာဖတ်သူ မည်သို့ဆိုပါမည်နည်း။ ဘာကြောင့် သည်လိုပြောရသလဲဆိုလျှင် မိဘဖြစ်သူတွေက သားသမီးတွေကို ဘာသာစကား မသင်ပေးသည်ကတစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ် ကိန်းအောင်းအောင် မရိုက်သွင်းတတ်သည်ကတစ်ကြောင်း၊ သွေးနှောခြင်းစနစ်ကို သတိမထားမိသည်ကတစ်ကြောင်း၊ အမျိုးသားရေးနှင့် နှလုံးသားရေးကို ကွဲပြားအောင်အကျိုးအကြောင်းရှင်းပြခြင်း၊ကြိုတင်ကာကွယ်တာမြစ်ခြင်းမရှိသည်ကတစ်ကြောင်း၊ မိဘကိုယ်တိုင်ကိုက ဘ၀မေ့ပြီး မျိုးချစ်စိတ်ဓာတ်ခေါင်းပါးသည်ကတစ်ကြောင်း…စသည် စသည်အကြောင်းအမျိုးမျိုးကြောင့် ကရင်လူမျိုးများပျောက်ကွယ်လာရခြင်းဖြစ်ကြောင်း ဟုဆိုလျှင် လက်ခံနိုင်လောက်သည့် အနေအထားမှာ ရှိပါသည်။ သို့သော်
မိဘတိုင်းကိုတော့ မဆိုလိုပါ။ မိဘအချို့ကိုသာ ပြောခြင်းဖြစ်ပါသည်။
နှင်းဆီခိုင်

မှီငြမ်း။ ။ သထုံမြို့နယ်၊၂၇၄၉-ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် စာစောင်မှ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Back to the Top