"အို ကာလာမတို့-
(၁) တဆင့်စကား အဆင့်ဆင့် ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။
(မာနုဿဝေန-တဆင့်ကြားသိ)
(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။(မာပရမ်ပရာယ-မိရိုးဖလာ)
(၃) အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။
(မာဣတိကိရာယ-ကောလာဟလ)
(၄) ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။ (မာပိဋကသမ်ပဒါနေန-ကျမ်းစားများနှင့်)
(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန်နှင့်။(မာတက္ကဟေတု-ကြံဆ)
(၆) အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။(မာနယဟေတု-နည်းမှီ)
(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံ မျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။(မာအာကာရပရိဝိတက္ကေန-ဆီလျှော်သုံးသပ်)
(၈) ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီသွားပြီဆို ရုံ မျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။ (မာဒိဌ်ဌိနိစ္စနက္ခန္တိယာ-ယူခြင်းထပ်ရ်ျ)
(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့်ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ ဝါဒသည်ဖြစ်နိုင်ဖွယ်ရှိသည် ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။(မာဗဗ္ဘရူပတာယ-ယုံအပ်သူပဲ)
(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။(မာသမဏောနောကရု-ဆရာစွဲဖြင့်) လွဲပုံစိတ်ချမယူကြလင့်
ဒိဌ်ဌကျင့်ကြံ ကိုယ်ပိုင်ဉဏ်ဖြင့် မှားမှန်ကောင်းဆိုး သိအောင်ကြိုးဟု မျိုးကာလာမဟောညွန်ပြသည် ဝါဒအယူစစ်တမ်းတည်း)
ဟူ၍ ဘုရားရှင် မိန့်မှာတော်မူခဲ့သည်ကို သတိမူကြကုန်လော့ ....
ဂေါတမဗုဒ္ဒ (ဘီစီ ၅၆၃ - ၄၈၃)
...................................................................................
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကေသမုတ္တိ ဆိုသော နိဂုံးအရပ်သို့ ရောက်ခဲ့လေ၏ ။ ထိုအရပ်၌ ကာလာမ အမည်ရှိသော ပုဏ္ဏားတို့ နေကြလေ၏ ။ ကာလမ ပုဏ္ဏားတို့သည် မြတ်စွာဘုရားနှင့်တွေ့ဆုံ
စဉ် အောက်ပါအတိုင်း မေးမြန်း စူးစမ်းကြလေ၏ ။
" အရှင်ဘုရား ၊ အချို့သော ရဟန်း ပုဏ္ဏား ( သာမဏ ဗြဟ္မဏ ) တို့သည် ဤ ကေသမုတ္တိ နိဂုံးသို့ ရောက်လာခဲ့ကြဖူးပါတယ် ၊ ဒီ ရဟန်း ပုဏ္ဏားတို့ဟာ မိမိတို့ရဲ့ အယူဝါဒ ကိုသာပြဆိုကြပါတယ် ၊ ထွန်းပစေကြပါတယ် ၊ သူတစ်ပါး အယူဝါဒ ကိုမူကား ထိပါးကြပါတယ် ၊ မထီမဲ့မြင် ပြုကြပါတယ် ၊ ရှုတ်ချကြပါတယ် ၊ချေဖျက်ကြပါတယ် ။"
" အရှင်ဘုရား ၊ နောက်ထပ်လည်း အခြားသော ရဟန်း ပုဏ္ဏား တွေ ဤ နိဂုံး အရပ်သို့ ရောက်လာကြပါတယ် ၊ သူတို့ကလည်း သူတို့ရဲ့အယူဝါဒကိုသာ ပြကြပါတယ် ၊ ထွန်းပစေကြပါတယ် ၊ သူတစ်ပါးရဲ့ အယူဝါဒတွေကိုတော့ ထိပါးကြပါတယ် ၊ ရှုတ်ချကြပါတယ်။ချေဖျက်ကြပါတယ် ။"
" အရှင်ဘုရား ၊ အဲဒီ သာမဏ ဗြဟ္မဏ ခေါ်တဲ့ ရဟန်းပုဏ္ဏားတွေထဲမှာ ဘယ်သူဟာ မှန်တဲ့စကား ကိုဆိုသလဲ ဆိုတာ တပည့်တော်တို့မှာ ယုံမှားတွေးတောပြီး သံသယ ဖြစ်ခဲ့ရပါတယ် " လို့ ဗုဒ္ဓကို ကာလာမ ပုဏ္ဏားများက လျှောက်ထား ခဲ့ဖူးပါတယ် ။
ထိုအခါ ဗုဒ္ဓဘုရား က ကာလာမပုဏ္ဏား တို့အနေနှင့် သံသယ ဖြစ်မည်ဆိုလျှင် ဖြစ်ထိုက်ကြောင်းကိုပြောဆို ညွှန်ပြပြီး အကြင်သူသည် အယူဝါဒတစ်ခုကို မှန်သည် မှားသည် ဆုံးဖြတ်လိုသော် ပြုကျင့်အပ်သည် ဟု အချက် ဆယ် ချက်ကို ညွှန်ပြတော်မူခဲ့လေသည် ။
ထိုအချက်သည် မျက်မှောက်ခေတ် သိပ္ပံနည်းကျ အတွေးအမြင် အားလုံး၏ အခြေခံမူ ဖြစ်ရုံသာမက ကမ္ဘာပေါ်တွင် ပေါ်ပေါက်ခဲ့ပြီးသမျှ ဒဿန အယူ အားလုံးနှင့်လည်း အကျုံးဝင်လျက် ရှိသည်ကို တွေ့ရလေသည် ။ ထို အသိပညာတစ်ခု သစ္စာဆိုက်မှု၏ စံ ဟု ဆိုအပ်သောအချက် ဆယ်ချက်၏ အရေးပါအရာရောက်မှုကို မဆိုမီ ထိုဆယ်ချက်ကို ဤတွင် အသိပေး လိုပါသေးသည် ။
သို့မှသာ အမှန်ကိုသိလိုသောသစ္စာဝါဒီတိုင်း အတွက် ထိုအချက် ဆယ်ချက်သည် ဘ၀ တစ်ခုလုံးကို အလင်းပေးသော မီးတိုင် ဆယ်တိုင်အဖြစ် တည်ရှိ နေပါလိမ့်မည် ။
ကေသမုတ္တိ နိဂုံးသား ကာလာမမင်းတို့အား မြတ်စွာဘုရားဟောကြားခြင်း...
“ ကာလာမ မင်းတို့ ၊ သင်တို့မှာ ယုံမှားသံသယ ဖြစ်သင့်ပေ၏ ။ သင်တို့သည်
(၁) ပြောသံ ကြားကာမျှဖြင့် ဟုတ်ပြီ ။ မှန်ပြီ ဟု အတည်မယူကုန်လင့်ဦး ။
(၂) အစဉ် အဆက် စကားများဖြင့်လည်း မယူကုန်လင့်ဦး ။
(၃) ဤသို့ ဖြစ်ဖူသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး ။
(၄) ပိဋကတ်စာပေ နှင့် ညီညွတ်ပေသည် ဟူ၍လည်း မယူကုန်လင့်ဦး ။
(၅) ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး ။
(၆) အခြင်းအရာကို “ ကြံစည်” သော အားဖြင့်လည်း မယူကုန်လင့်ဦး ။
(၇) မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး ။
(၈) ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍ လည်း မယူကုန်လင့်ဦး ။
ကာလာမ မင်းတို့ ---
(၉) ဤတရားတို့ကား အကုသိုလ်တရား ။ အပြစ်ရှိသော တရား ။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတည်း ။ထိုတရားတို့ကို ကျင့်သုံးပါက အစီးအပွားမရှိခြင်ငှာ ၊ ဆင်းရဲခြင်းငှာ ။ ဖြစ်ကုန်၏ ဟု သင်တို့သည် “ မိမိတို့ ကိုယ်တိုင် ” သိသော အခါ၌ ယင်းတို့ကို စွန့်ပယ်ရာ၏ ။
(၁၀) ဤတရားတို့ကား ကုသိုလ်တရား ။အပြစ် မရှိသော တရား ။ ပညာရှိတို့ ချီးမွမ်းအပ်သော တရားများဖြစ်၍ ယင်းတို့ကို ကျင့်သုံးပါက အစီးအပွားရှိသည် ချမ်းသာခြင်းငှါ ဖြစ်သည်ဟု “မိမိ ကိုယ်တိုင် ” သိသော အခါ၌ မူ သင်တို့သည် ယင်းတို့နှင့် ပြည့်စုံ နေကုန်ရာ၏ ။
( အဂုင်္တ္တရနိကာယ် ။ တိက နိပါတ် ။ မဟာ ဝဂ် ကေသ မုတ္တိသုတ် ) —
0 comments:
Post a Comment